Skip to main content

ဂုဏ်သိက္ခာနှင့် တန်ဖိုးမြင့်မားရေးအားထုတ်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၀ ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ကူးစက်ရောဂါကင်းဝေးရေး၊ မူးယစ်ဆေးဝါး အန္တရာယ်ကင်းဝေးရေး၊ ပြည်သူများ စည်းကမ်းလိုက်နာရေး၊ သိက္ခာရှိရေးတို့ကို အလေးထား ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအား စည်းကမ်းရှိစေရေး ပြောကြားချက်မှာ လူတိုင်းလူတိုင်းသည် မိမိတို့၏ တစ်ဦးချင်းတန်ဖိုးကို ဖော်ထုတ်စေလိုရင်း ဖြစ်သည်။ ဥပမာ အားဖြင့် သန့်ရှင်းအောင်နေထိုင်တတ်ရေး၌ စည်းကမ်းရှိသော အလေ့အထကောင်းကို မွေးမြူ လေ့ကျင့်ဖို့ လိုပေသည်။ မိမိကိုယ်ကို သန့်ရှင်းအောင် နေထိုင်တတ်သော အလေ့အကျင့်ကောင်း ရှိမှသာလျှင် မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားနိုင် မည်ဖြစ်သည်။ မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားနိုင်မှသာလျှင် မိမိနိုင်ငံကို သန့်ရှင်းအောင် ဖန်တီးနိုင်မည်ဖြစ်သည်။ မိမိနိုင်ငံ ကို သန့်ရှင်းအောင်ထားနိုင်မှသာ မိမိတို့ကမ္ဘာကြီး သန့်ရှင်းသာယာရေးတွင် မိမိတို့လည်း ပါဝင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ပြည်သူများ စည်းကမ်းလိုက်နာမှု၊ စည်းကမ်းရှိမှု တို့ကို တန်ဖိုးထားပါ။ ဂုဏ်ယူပါ။ ငါတို့တွေဟာ စည်းကမ်းရှိတဲ့လူမျိုး၊ ငါတို့ တစ်ယောက်ချင်း တစ်ယောက်ချင်းအတွက် တာဝန်ယူတတ်တဲ့ လူမျိုးဆိုတဲ့ စိတ်ဓာတ်ရှိစေချင်ပါတယ်" ဟု ပြည်သူများနှင့် တွေ့ဆုံစဉ် မကြာခဏပြောကြားခဲ့သည်။ စည်းကမ်းသည် လူ၏တန်ဖိုး ဖြစ်သည်။ စည်းကမ်းရှိသော ရပ်ရွာ၊ မြို့ပြများမှာ အများပြည်သူအတွက် စိတ်နှလုံး ချမ်းမြေ့ဖွယ် ဖြစ်သလို နိုင်ငံတကာအမြင်တွင်လည်း တင့်တယ်လှသဖြင့် ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နိုင်သည်။

ထို့အပြင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာတမ်းအရ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က "မွေးရာပါ အခွင့်အရေးတွေ၊ သိက္ခာတွေနဲ့အတူ မွေးရာပါတာဝန်တွေလည်း ပါနေ တယ်ဆိုတာ ကျွန်မတို့ ပြည်သူတွေကို သတိပေးချင်ပါတယ်။ အဲဒါ သိက္ခာပါပဲ။ သိက္ခာဆိုတာ ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်တတ်သလို ကိုယ့်တာဝန်ကို ကိုယ်ထမ်းဆောင်ပါ။ ဒီနှစ်ခု ထဲက တစ်ခုလိုနေရင် သိက္ခာမပြည့်ဝဘူးလို့ ဆိုပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ လူတစ်ဦး တစ်ယောက်သည် မိမိ၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်သော်လည်း မိမိ၏ အခွင့်အရေးများကို ကာကွယ်နိုင်စွမ်းမရှိလျှင်၊ ကာကွယ်နိုင်သည့်သိက္ခာနှင့် တာဝန်ယူတတ်မှု မရှိလျှင် ထိုလူတစ်ဦး၏သိက္ခာသည် ပြည့်စုံခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။

တာဝန်နှင့် သိက္ခာသည် အတူယှဉ်တွဲနေပြီး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြသော်လည်း အခွင့်အရေးများကိုသော် လည်းကောင်း၊ ဂုဏ်သိက္ခာများကိုသော်လည်းကောင်း ကာကွယ် နိုင်စွမ်းမရှိကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူပြည်သားများနှင့် တွေ့ဆုံစဉ် ပြည်သူများအား ကိုယ့်ကိုယ်ကိုယ် သိက္ခာရှိအောင် နေထိုင်ကြရန်၊ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်ကြရန် ကိုယ့်အခွင့်အရေးများ ကိုလည်း မှန်မှန်ကန်ကန် နည်းများဖြင့် ကာကွယ်နိုင်ကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် မဖွံ့ဖြိုးသေးသော ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သလို အရှေ့တောင်အာရှနိုင်ငံများတွင် နောက်ဆုံးအဆင့်ရောက်နေသော နိုင်ငံဖြစ်နေသည်။ ထိုအခြေအနေသို့ ရောက်နေမှုနှင့် ပတ်သက်၍ မိမိတို့ အချင်းချင်း ပြစ်တင်ရှုတ်ချ၊ မိမိကိုယ်ကို ပြစ်တင်ရှုတ်ချ နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်တကယ်တွင် အားငယ်စိတ်ပျက်စရာမရှိဘဲ ရှေ့အဖို့ တိုးတက်ရန် အတွက် နိုင်ငံသားတိုင်း စည်းကမ်းရှိရန်နှင့် တာဝန်ကို ကျေပွန် စွာထမ်းဆောင်ပြီး ဂုဏ်သိက္ခာ ရှိအောင် ကျင့်ကြံအားထုတ်နေထိုင်ကြဖို့ လိုမည်ဖြစ်သည်။ ထိုတွန်းအားများကို မှန်မှန်ကန်ကန် အသုံးချနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ ဖွံ့ဖြိုးမည်၊ တိုးတက်မည်၊ ငြိမ်းချမ်းသာယာမည် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူပြည်သားများသည် မိမိတို့နိုင်ငံ နောက်မကျစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူတိုင်းလူတိုင်း လက်ရှိအနေ အထားတွင် ရပ်တည်နေရသည်ကို ကျေနပ်မနေဘဲ မိမိတို့ပတ်ဝန်းကျင်အတွက်၊ မိမိတို့နိုင်ငံအတွက်၊ မိမိတို့ကမ္ဘာအတွက် တန်ဖိုးရှိသည့် ပြည်သူ များ၊ ဂုဏ်သိက္ခာ ရှိသောပြည်သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်း အပ်ပါ သည်။ ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)