Skip to main content

တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းတစ်ကျွန်းလျှင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန် ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ဇန်နဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းတစ်ကျွန်းလျှင် ဟိုတယ် တစ်လုံး သာ တည်ဆောက်ခွင့်ပြုရန်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  တနင်္သာရီ တိုင်းဒေသ ကြီး အတွင်း သာယာလှပသော ကျွန်းများတည်ရှိကြောင်း၊ ကျွန်းများ၌ ရင်းနှီးမြှုပ်နှံ လုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းရှင်များအနေနှင့် ဆောင်ရန်ရှောင်ရန်များကို သိရှိ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ဒေသခံဆလုံလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ များကို ဖော်ထုတ်မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ကျွန်းများ၌ ဟိုတယ်လုပ်ငန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိပဲ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရှိစေရေး၊ ဈေးကွက်ခိုင်မာသော ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်သင့်ကြောင်း ပြောကြား သည် ။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသတွင်းနှင့်နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် အထောက်အကူပြုပြီး တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းများသည် သဘာဝအတိုင်းရှိနေဆဲဖြစ်ရာ မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကြီး အတွက်ပါ သဘာဝအမွေအနှစ်များဖြစ်သဖြင့် ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းရန် လိုအပ် ကြောင်း၊ ခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေး အတွက် ထိန်းသိမ်းလိုသည့်  ဆန္ဒ (Desire) ၊ ဗဟုသုတ (Knowledge) ၊ ကျွမ်းကျင်မှုစွမ်းရည်(Skill) ၃ ခုပေါင်းစပ်၍ ချင့်ချိန်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ယခုကဲ့သို့ခရီးစဉ်ဒေသ မရှိတော့ပါကြောင်း၊ ကျွန်းစုများတွင် သဘာဝအတိုင်းရှိခြင်း ၊ သန္တာကျောက်တန်းများ ရှင်သန်မှု ရှိခြင်း၊ သဘာဝမျိုးကွဲမျိုးစိတ်များ ၊ရေနေသတ္တဝါများ ပေါများစွာ တည်ရှိနေခြင်း တို့ကြောင့် ရေရှည်အတွက် ရည်ရွယ်ချက်ထားရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ကျွန်း တစ်ခုချင်း၏ သဘာဝအကျယ်အဝန်းအနေအထားပေါ် ကြည့်ရှုသုံးသပ်ဆောင်ရွက် သင့်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းများ ခရီးစဉ်အတွက် စီမံကိန်း (Master plan) ရေးဆွဲ ဆောင်ရွက် သင့်ပြီး မြိတ်ကျွန်းစုဖွံ့ဖြိုး တိုးတက်ရေးနှင့်စီမံခန့်ခွဲရေး (Master plan) အား သက်ဆိုင်ရာ ဌာနများပါဝင်မှုဖြင့် ရေးဆွဲဆောင်ရွက်သင့်ပါကြောင်း၊  လက်ရှိခွင့်ပြုထားပြီးဖြစ်သည့် စီမံကိန်း လုပ်ငန်းများ အပေါ်တွင်လည်း ပြန်လည်စိစစ်သုံးသပ် Monitor လုပ်သင့်ပါကြောင်း ၊ ခရီးစဉ်ဒေသ ရေရှည်တည်တံ့ ခိုင်မြဲရေးကို ဦးစားပေးကာ သတိပြုဆောင်ရွက်သင့်ပါကြောင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရင်းနှီးမြှုပ်နှံဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှု၊ ကျွန်းများတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွင်းဆင်း စိစစ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်နေမှု“Toursim For All” ဟူသော ဆောင်ပုဒ်နှင့်အညီ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံများအလုပ်အကိုင် တိုးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် ပုလဲမွေးမြူရေး လုပ်ကွက်များ ခွင့်ပြုဆောင်ရွက်နေမှုများ ကိုလည်း ကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ခရီးသွား လုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကမ်းခြေဒေသများနှင့်ကျွန်းများတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပုလဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ခရီးသွားလုပ်ငန်းစနစ်တကျဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ၊ ကျွန်းများတွင် လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်ရေး ဆိုင်ရာများကို အကြံပြုဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)