Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးစီးပြိုင်ပွဲများ စတင်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၇

မြန်မာ့အားကစား အဆင့်အတန်းတိုးတက် မြှင့်မားစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် တို့ ပူးပေါင်း၍ ၂၀၁၉-၂၀၂၀ ပြည့်နှစ် တိုင်း ဒေသကြီးနှင့် ပြည်နယ်စက်ဘီးစီးပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်း၌ ကျင်းပသည်။

အနိုင်ရရှိ

ယနေ့ပြိုင်ပွဲများအဖြစ် အမျိုးသမီးမီတာ ၅၀၀၊ အမျိုးသားမီတာ ၁၀၀၀၊ အမျိုးသမီး ကိုးကီလိုမီတာ၊ အမျိုးသား ၁၅ ကီလိုမီတာ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြသည်။ အမျိုးသမီး မီတာ ၅၀၀ စက်ဘီးစီးပြိုင်ပွဲတွင် ပထမ စိုးစန္ဒာဝင်း (တနင်္သာရီ) စံချိန် ၄၃ ဒသမ ၈၅ စက္ကန့်၊ ဒုတိယလှလှနွယ် (ပဲခူး) စံချိန် ၄၅ ဒသမ ၀၉ စက္ကန့်၊ တတိယ သင်းကလျာစိုး (မန္တလေး) စံချိန် ၄၅ ဒသမ ၂၅ စက္ကန့်၊ အမျိုးသားမီတာ ၁၀၀၀ စက်ဘီးစီးပြိုင်ပွဲတွင် ပထမကောင်းစည်သူ (ပဲခူး) စံချိန် ၁:၀၈ ဒသမ၇၈ မိနစ်၊ ဒုတိယညီညီအောင် (ရန်ကုန်)စံချိန် (၁:၀၉ ဒသမ ၄၅) မိနစ်၊ တတိယ သူရကျော် (မကွေး) စံချိန် (၁:၀၉ ဒသမ ၆၅) မိနစ်ဖြင့် လည်းကောင်း၊ အမျိုးသမီး (၉)ကီလိုမီတာအသင်းလိုက် စက်ဘီး ပြိုင်ပွဲတွင် ပထမ မကွေးတိုင်းဒေသကြီး အသင်းစံချိန် (၁၃:၃၀ ဒသမ ၈၈) မိနစ်၊ ဒုတိယ ဧရာဝတီတိုင်းဒေသကြီး အသင်းစံချိန် (၁၄:၃၀ ဒသမ ၈၃) မိနစ်၊ တတိယ တနင်္သာရီတိုင်းဒေသကြီး စံချိန် (၁၅:၁၆ ဒသမ ၅၁) မိနစ်ဖြင့် လည်းကောင်း၊ အမျိုးသား (၁၅)ကီလိုမီတာအသင်းလိုက် စက်ဘီးပြိုင်ပွဲတွင် ပထမ မကွေးတိုင်း ဒေသကြီး အသင်းစံချိန် (၁၉:၀၉ ဒသမ ၄၀)မိနစ်၊ ဒုတိယ ရန်ကုန်တိုင်းဒေသကြီး အသင်းစံချိန် (၁၉:၁၆ ဒသမ ၃၅)မိနစ်၊ တတိယ မန္တလေးတိုင်းဒေသကြီးအသင်း စံချိန် (၁၉:၁၉ ဒသမ ၉၃) မိနစ်ဖြင့် လည်းကောင်း အနိုင်ရရှိသွားသည်။

၂၀၁၉-၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲကို ယနေ့ မှစ၍ ဇန်နဝါရီ ၉ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၊ အမျိုးသားပြိုင်ပွဲဝင်အသင်း ၁၁ သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း ခုနစ် သင်း၊ အားကစားသမားအမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၂၈ ဦး စုစုပေါင်း အားကစားသမား ၈၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး စက်ဘီးအားကစား နည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် နေ့စဉ်နံနက် ၇ နာရီ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင် (အခမဲ့) လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်