Skip to main content

မျိုးပွားမှုဆိုင်ရာ ရောဂါများအတွက် မှန်ပြောင်းနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ခွဲစိတ် ဆရာ ဝန်ကြီး များ၏ စကားသံများ

 

မျိုးပွားမှုဆိုင်ရာရောဂါများအတွက် မှန်ပြောင်းနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၃ ရက်မှ ၅ ရက်အထိ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၌ ကျင်းပခဲ့ပြီး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ သားဖွားမီးယပ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြ အပ်ပါသည်။

ပါမောက္ခဒေါက်တာခင်ပြုံးကြည်

ဆေးရုံအုပ်ကြီး

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)

သားဖွားမီးယပ်ပညာဌာန ဗဟိုအမျိုးသမီး ဆေးရုံကြီး(ရန်ကုန်) ဆေးတက္ကသိုလ်(၁) (ရန်ကုန်)နဲ့ ထိုင်းနိုင်ငံ Rajavithi Hospital က မှန်ပြောင်းအထူးကုပညာရှင်ကြီးများအဖွဲ့၊ အာရှနဲ့ ပစိဖိတ်မှန်ပြောင်းဆိုင်ရာ ခွဲစိတ်ကုသမှု လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဆရာဝန်ကြီး ဦးဆောင်သည့်အဖွဲ့နဲ့ မျိုးပွားမှုဆိုင်ရာ ရောဂါ တွေနဲ့ပတ်သက်ပြီး မှန်ပြောင်းနဲ့ခွဲစိတ်ကုသမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပတာဖြစ်ပါ တယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးမှာ မှန်ပြောင်း နဲ့ ခွဲစိတ်ကုသမှုတွေက အကျိုးကျေးဇူးရှိလာ တာကို တွေ့ရှိရတဲ့ အတွက် မီးယပ်ဆိုင်ရာ ရောဂါတွေမှာလည်း ဒီခွဲစိတ်ကုသမှုတွေကို ဗိုက်ခွဲပြီးကုသမယ့်အစား မှန်ပြောင်းနဲ့ ခွဲစိတ် ကုသလို့ရတဲ့ရောဂါတွေဆိုရင် မှန်ပြောင်းနဲ့ ခွဲစိတ်ကုသပေးခြင်းအားဖြင့် လူနာတွေ အတွက် ပိုပြီး ကောင်းမွန်တာတွေ့ရှိတယ်။

သားသမီးရဖို့ ခက်ခဲတဲ့သူတွေ၊ သွေးလုံး၊ အသားလုံးတွေရှိနေတဲ့ အမျိုးသမီးတွေ၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကင်ဆာဖြစ်ရင် တောင် ဒီကင်ဆာရောဂါကိုကုသရာမှာ မျိုးပွား မှုဆိုင်ရာကို မထိခိုက်စေဘဲ ရောဂါကိုကုသနိုင် တဲ့နည်းလမ်းတွေလည်းရှိတယ်။ မှန်ပြောင်းနဲ့ခွဲစိတ်ကုသနိုင်တဲ့ ကုသမှုတွေကို စာတွေ့၊ လက်တွေ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲ သုံးရက်တာ ကာလမှာ သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။

မှန်ပြောင်းနဲ့ ခွဲစိတ်ကုသမှုတွေက ခုမှ ပေါ်လာတာမဟုတ်ပါဘူး။ ဆေးပညာလောက မှာလည်း ပေါ်နေတာကြာပါပြီ။ သားဖွားမီးယပ် နဲ့ ပတ်သက်ပြီး မှန်ပြောင်းခွဲစိတ်ကုသခြင်း လုပ်ငန်းတွေကို ကျွန်မတို့ ဗဟိုအမျိုးသမီး ဆေးရုံမှာ အရင်တုန်းက နည်းနည်းချင်းလုပ်ပါ တယ်။ လုပ်တဲ့အခါမှာ ပစ္စည်းကိရိယာကအစ၊ နည်းပညာကအစ၊ ပညာရှင်ကအစ အခက်အခဲ ရှိတယ်။ မှန်ပြောင်းခွဲစိတ်တယ်ဆိုတာက ခက်ခဲတဲ့ ပညာ မဟုတ်ပေမယ့် လေ့လာသင်ယူ ရတာ အချိန်ယူရပါတယ်။

အခုလို အလုပ်ရုံဆွေးနွေးပွဲတွေလုပ်တဲ့အခါ မျိုးဆက်သစ်ဖြစ်တဲ့ သားဖွားမီးယပ် ဆရာဝန်ငယ်တွေ၊ အထူး ကုဆရာဝန်တွေဟာဒီမှန်ပြောင်းခွဲစိတ်မှုဆိုင်ရာတွေမှာ ပိုပြီးတော့ ကျွမ်းကျင်လာတယ်။ ပိုပြီးတော့ ကောင်း မှန်း သိလာတယ်။

မှန်ပြောင်းခွဲစိတ်မှုကို ပိုပြီးတော့အားပေး လာတယ်။ ဆေးပညာ တိုးတက်လာပါတယ်။မှန်ပြောင်းခွဲစိတ်တာ အောင်မြင်မှုတွေရှိလာ တယ်။ မီးယပ်ဆိုင်ရာ ရောဂါတွေအတွက် မှန်ပြောင်းနဲ့ခွဲစိတ်ကုသတဲ့အခါ ဆရာဝန် တွေ အတွက်လည်း ပညာတွေတိုးပါတယ်။

မှန်ပြောင်းနဲ့ခွဲစိတ်တာက ဘယ်လို အကျိုးကျေးဇူးရှိလဲဆိုတော့ ဆေးရုံတက်ရတဲ့ အချိန်သက်သာတယ်၊ ဗိုက်ခွဲပြီးကုသရင် အနည်းဆုံး ခြောက်ရက်၊ ခုနစ်ရက်လောက် ဆေးရုံမှာနေရတယ်။ အခုဆိုရင် နှစ်ရက် လောက်ပဲ တက်ရတာမျိုးရှိတယ်။ ဆေးရုံ တက်ရတဲ့အချိန် သက်သာတယ်၊ နာလန်ထ မြန်တယ်။ အဲဒီလို အကျိုးကျေးဇူးတွေအပြင် တစ်ခါတလေကျရင် သားအိမ်ထဲမှာ အလုံး ရှိရင်၊ သားအိမ်ကိုထုတ်လိုက်ရင် ကလေးမရနိုင် တော့ဘူး။ အဲဒါမျိုးကို မှန်ပြောင်းနဲ့ ခွဲစိတ်ကုသ ပေးခြင်းအားဖြင့် သားအိမ်၊ သားဥအိမ်တွေကို မထိခိုက်စေဘဲ မှန်ပြောင်းနဲ့ သီးသန့် ခွဲစိတ်ကုသ ပေးတာကြောင့် အကျိုးကျေးဇူးအများကြီး ရှိပါတယ်။

မှန်ပြောင်းနဲ့ခွဲစိတ်ရတဲ့အခါမှာ သားသမီး ရရှိမှုကို မထိခိုက်စေပါဘူး။ အချိန်မတိုင်မီ သွေးဆုံးမှုမဖြစ်စေဘဲ ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေထိုင်သွားနိုင်မယ်။ အဲဒီလိုမျိုး အကျိုးကျေးဇူးတွေရှိပါတယ်။

မှန်ပြောင်းနဲ့ ခွဲစိတ်လို့မရတဲ့ ရောဂါတွေ လည်းရှိပါတယ်။ တချို့ဆို သားအိမ်ထဲက အလုံးက တော်တော် ကြီးနေပြီ၊ မေ့ဆေးပေးဖို့ မသင့်တော်တဲ့လူနာတွေ၊ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါတွေကို ထိခိုက်နိုင်မယ့် ခက်ခဲတဲ့ လူနာတွေ၊ တချို့ကင်ဆာမှာ အဆင့် ၃-၄ အဆင့်မြင့်သွား တဲ့လူနာတွေကို မှန်ပြောင်းနဲ့ ခွဲစိတ်ကုသမှု လုပ်လို့မရပါဘူး။

ဒီဆေးရုံမှာတော့ ကျွန်မတို့က မှန်ပြောင်း နဲ့ ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်တာများလာပြီ။ မှန်ပြောင်းကုသခြင်းလုပ်ငန်းတွေကို ဒီဆေးရုံမှာ တစ်ပတ်မှာ သုံးရက် သက်ဆိုင်ရာ ဆရာဝန်ကြီး တွေကဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ရက်ကို သုံးဦးနှုန်းနဲ့ ခွဲစိတ်ကုသပေးနေပါတယ်။ တစ်နှစ် တစ်နှစ်ဆိုရင် ရာကျော်ပါတယ်။

မှန်ပြောင်းနဲ့ ခွဲစိတ်ကုသရာမှာ ၉၀ ရာခိုင်နှုန်း လောက် အောင်မြင်ပါတယ်။ ဒီဆေးရုံမှာ မှန်ပြောင်း ကုသမှုနဲ့ ပတ်သက်ပြီး လူနာတွေကို ခွဲစိတ်ခနဲ့ ဆေးဝါးစရိတ်တွေက အခမဲ့ကုသ ပေးပါတယ်။ နက်နဲတ ခွဲစိတ်မှု တွေမှာတော့ တစ်ခါသုံးတွေသုံးရတဲ့အတွက် တစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းပြီး ပစ္စည်းတွေ ပြန်လည် စုဆောင်းရတဲ့အတွက် အလှူငွေသဘော ကောက်ခံရတာမျိုးတော့ ရှိပါတယ်။ ဒီမှန်ပြောင်း ခွဲစိတ်ကုသမှုက လူနာတွေအတွက် အကျိုး ကျေးဇူးများတဲ့အတွက် ဆေးပညာလောကမှာ အားပေးသင့်ပါတယ်။ အထူးသဖြင့် သားဖွား မီးယပ်ပညာလောကမှာလည်း မှန်ပြောင်း ခွဲစိတ်မှုကို အားပေးသင့်ပါတယ်။

 

Professor Chyi-Long Lee

ထိုင်ဝမ် (Chang Gung Memorial Hospital, Chang Gung University)

အရင်တုန်းကလို ခွဲစိတ်တာမလုပ်ဘဲ လူနာတွေကို မှန်ပြောင်းနဲ့ ခွဲစိတ်လို့ရတယ် ဆိုတဲ့အကြောင်းကို ကျွန်တော်က ရှင်းပြတာ ပါ။ ဗိုက်ကိုခွဲစိတ်ကုသမှုတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ပေါ်ပေါက် ခဲ့တယ်။ အဲဒီကတစ်ဆင့် မှန်ပြောင်းနဲ့ ခွဲစိတ်မှု က ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ ကနေစပြီး ပေါ်ပေါက် လာ တယ်။ အဲဒါကို တွင်တွင်ကျယ်ကျယ် အသုံး ပြုလာတယ်။ အဲဒီကတစ်ဆင့် ထပ်ပြီးတိုးတက် လာတာက စက်ရုပ် တွေကို အသုံးပြုပြီးတော့ ခွဲစိတ်မှုတွေ ဖြစ်လာတယ်။ အခုဆို ခွဲစိတ်ဖို့ အပေါက်တောင်မဖောက်ဘဲ ကိုယ် ခန္ဓာမှာရှိတဲ့ သဘာဝအပေါက်တွေကနေ ခွဲစိတ်မှုတွေအထိ တဖြည်းဖြည်း တိုးတက်လာတယ်။ အဲဒီ တိုးတက် မှုတွေက အခုထက်တိုးတက်အောင် အထောက်အပံ့ပေးမယ်။ အခုဆိုရင် နိုင်ငံ တော်တော် များများမှာ ဒီလိုခွဲစိတ်ကုသမှုကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီ။

ခွဲစိတ်မှုတွေလုပ်နေတဲ့ ဆရာဝန်တွေဟာ လူနာတွေကို ခွဲစိတ်မှုအကြီးကြီးတွေ မလုပ် တော့ဘဲ ဒီမှန်ပြောင်းနဲ့ ခွဲစိတ်ကုသတဲ့ ဆေးပညာရပ်တွေကို သင်တန်း ကျွန်တော်က ပို့ချပေးတာပါ။ အဓိကရည်ရွယ်ချက်က ဒီခွဲစိတ် မှုမျိုးကို ဆရာဝန်တိုင်း လုပ်တတ်စေချင်တယ်။ ဆရာဝန်တွေတော်တော်များများကို ဒီခွဲစိတ်မှု နဲ့ ရင်းနှီး ကျွမ်းဝင်မှု ဖြစ်စေချင်တယ်။ အရင်က ခွဲစိတ်မှုဒဏ်ရာကြီးရင် အနာကျက်ဖို့ လေးပတ် ကနေ ရှစ်ပတ်အထိ စောင့်ရတယ်။ အခု မှန်ပြောင်းနဲ့ ခွဲစိတ်မယ်ဆိုရင် ဒါမျိုးမရှိဘဲ ဗိုက်ကိုအပေါက်လေးဖောက်ပြီး ခွဲစိတ်ရတာ ဖြစ်တဲ့အတွက်ကြောင့် အနာမရှိဘူး၊ အနာ ကျက်ဖို့လည်း စိတ်ပူစရာမလိုဘူး။ လူနာလည်း နာလန်ထ မြန်မယ်။ ခွဲစိတ်ပြီး ၂၄ နာရီအတွင်း ခွဲစိတ်ထားတယ်လို့မထင်ရဘဲ ထပြီးအလုပ်လုပ် နိုင်တယ်။ ခွဲစိတ်မှုက ဓားနဲ့ခွဲတာမဟုတ်ဘဲ မှန်ပြောင်းနဲ့ အပေါက်လေးဖောက်ပြီး ထည့်ရ တဲ့အတွက် ထိခိုက်မှုမများဘူး။ အမာရွတ် ဖြစ်တဲ့နှုန်းလည်း နည်းတဲ့အတွက်ကြောင့် လူနာအနေနဲ့ ခွဲစိတ်ပြီးတဲ့အခါ နာခြင်း၊ ကျင်ခြင်းလည်း လုံးဝမရှိဘူး။ ဒါက လူနာတွေ အတွက် အားသာချက်ပါ။

နောက်တစ်ခုက လမ်းလည်း မြန်မြန် ပြန်လျှောက်နိုင်တယ်။ ခြေထောက်မှာ သွေးကြောရောင်တဲ့ လက္ခဏာ လည်း မရှိဘူး။ အခုဆိုရင် သားအိမ်ထုတ်ရင် ဗိုက်ကမဖောက် ဘဲ သဘာဝအပေါက်ကနေ သားအိမ်ကို ထုတ်ရ တဲ့အတွက် ဗိုက်မှာအပေါက်မရှိဘဲ တစ်ဆင့် ပိုပြီး တိုးတက်လာပါတယ်။ လူနာလည်း တစ်ပတ်အတွင်း အလုပ်ပြန်လုပ်နိုင်တယ်။ အဲဒါအပြင် ကင်ဆာလူနာတွေအတွက်လည်းမှန်ပြောင်းကို အဆ ၂၀ အထိ ချဲ့ကြည့်နိုင်တဲ့ အတွက် ရောဂါဆိုလည်း အနီးကပ်မြင်ရတော့ ပိုပြီး တိတိကျကျ ကုသနိုင်တယ်။ လူနာရဲ့ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာအရ လည်း သူ့မှာခွဲစိတ်ရမယ်ဆိုတဲ့ ကြောက်စိတ် မရှိတော့တဲ့အတွက် ရောဂါကို ကုသချင်တဲ့စိတ် ဖြစ်ပေါ်စေတယ်။ လူနာအတွက်လည်း အကျိုး တွေအများကြီးရှိပါတယ်။

Dr. Aranya Yantapant

ထိုင်းနိုင်ငံ (Rajavithi Hospital)

ဒီစီမံကိန်းကို စတင်ရတဲ့အကြောင်းရင်း ရှိပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဗဟို အမျိုးသမီး ဆေးရုံကြီး (ရန်ကုန်)ရောက်ခဲ့တယ်။ မြန်မာနိုင်ငံက ဆရာဝန်တွေက အင်မတန် တော်ပါတယ်။ ဒီမှာလည်း မှန်ပြောင်းနဲ့ ခွဲစိတ် ကုသတဲ့လူနာတွေက အများကြီးမရှိသေးတဲ့ အတွက် ဒီဆေးရုံမှာ မှန်ပြောင်းနဲ့ ခွဲစိတ် ကုသတဲ့ ဆရာဝန်တွေကို အထောက်အကူ ဖြစ်စေချင်တယ်။ အဲဒါကြောင့် ဒီစီမံကိန်းကို စခဲ့တာပါ။

နောက်ရည်ရွယ်ချက်ကတော့ ကျွန်မတို့ က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့အတွက် အာဆီယံနိုင်ငံတွေမှာ မှန်ပြောင်းနဲ့ ခွဲစိတ်ကုသ မှုတွေကို အထောက်အကူဖြစ်စေချင်တယ်။ ဒီလိုကုသမှုကို အားပေးစေချင်တယ်။ ကျယ်ပြန့် စေချင်တယ်။ ဒီကုသနည်းကို သဘောကျ တယ်။ အာဆီယံနိုင်ငံတွေက ဆရာဝန်တွေကို လည်း ဒီကုသနည်းကို လုပ်စေချင်တယ်။ တိုးတက်စေချင်တယ်။ အဲဒါကြောင့် ဒီစီမံကိန်း ကို စခဲ့တာပါ။

တွေ့ဆုံမေးမြန်း - ရီရီမြင့်