Skip to main content

ဟားခါးမြို့၌ ကျင်းပသည့် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်အမှာစကားပြောကြား

ဟားခါး      ဇန်နဝါရီ        ၈

၂၀၁၉−၂၀၂၀ ပညာသင်နှစ်၊ ဟားခါးမြို့၌ကျင်းပသည့် ချင်းပြည်နယ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးဇိုဘွဲ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတိတ်ထန်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဟားခါးမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ၊ ကျောင်းသား ၊ ကျောင်းသူလေးများက စုံညီပွဲတော်သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပေးခဲ့ကြပြီး ဂုဏ်ပြုသီဆို ဖွင့်လှစ် ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတကာပညာရေးကို ရင်ဘောင်တန်းနိုင်ဖို့အတွက် (၂၁)ရာစု ကျွမ်းကျင်မှုများအပြင်၊ မိမိလူမျိုး ၊ မိမိယဉ်ကျေးမှု၊ မိမိတို့ရဲ့စာပေများကို ချစ်မြတ်နိုးပြီး ပညာတတ် လူကောင်းလူတော်များဖြစ်ကြဖို့ အရေးကြီးကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများကို ဗလငါးတန်နှင့်ပြည့်စုံဖို့အတွက် နိုင်ငံတော် အနေဖြင့် စီမံချက်များရေးဆွဲပြီး လေ့ကျင့်ပေးလျက်ရှိကြောင်း၊ မိဘများ ၊ စေတနာရှင်၊ အလှူရှင်များ ၊ ဌာနဆိုင်ရာများနှင့် အစိုးရအဖွဲ့များက ပံ့ပိုးကူညီလျက်ရှိပါကြောင်း၊ အတွေးအခေါ် မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေး ဖော်ဆောင်နိုင်ရန် တက်ညီလက်ညီ ပါဝင်ဆောင်ရွက်သွားကြဖို့ လိုကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်က ချင်းပြည်နယ်အတွင်းရှိ ပညာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီးနောက် ၂၀၁၉ − ၂၀၂၀ ပညာသင်နှစ်တွင် ထူးချွန်ဆု ရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဟားခါးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ၊ ကျောင်းသား၊ ကျောင်းသူလေးများမှ ပညာသည်သာရတနာ သီချင်းဖြင့်ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ပညာရေးစုံညီပွဲတော်မုခ်ဦးအား ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ပညာရေးမှူး ဒေါ်နှင်းကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။

ကျော်စွာ(ပြန်/ဆက်)