လွိုင်ကော် ဇန်နဝါရီ ၈
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လမ်းတံတား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပေးလျက်ရှိရာ တောင်ငူ− လိပ်သို− ယာဒို− လွိုင်ကော်− ဟိုပုံးလမ်း ဘီလူးချောင်းဖြတ် ကန္ဒရဝတီတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါတံတား၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မိမိတို့ပြည်နယ်သည် အသေးငယ်ဆုံးနှင့် လူဦးရေအနည်းဆုံးဖြစ်ပြီး သေးငယ်ပြီး လူဦးရေနည်းသော်လည်း အခြားတိုင်း/ပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် (၄)နှစ်ကျော်ကာလအတွင်း ပြည်နယ်အစိုးရ၏ လုပ်ဆောင်ချက်သည် နိမ့်ကျမှုမရှိသည်ကို တွေ့မြင်ရကြောင်း၊ ယခုအခါ မိမိတို့ပြည်နယ်တွင် တံတားကြီး(၅) စင်းနှင့် သံတံတား (၁) စင်းရှိပြီဖြစ်ကြောင်း၊ ယင်းအခြေအနေသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့မှ ကြိုးပမ်းဆောင်ရွက်မှုများကြောင့်ဖြစ်ပြီး ယင်းနှင့်သက်ဆိုင်သည့် မိတ်ဖက်ဌာနများအပြင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့် အောင်မြင်မှုရရှိနေခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ လွိုင်ကော်မြို့အနေနှင့် အရှေ့တောင်အာရှတွင် အသန့်ရှင်းဆုံးမြို့တော်ဆုကို ရရှိထားပါကြောင်း၊ သေးငယ်သော်လည်း ခရီးသွားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိပြီး ကယားပြည်နယ်၏ တောတောင်ရေမြေအလှ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို လာရောက်ကြည့်ရှုလို၍ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ရိုးသားမှု၊ မေတ္တာစေတနာများကြောင့် လာရောက်နေကြခြင်းဖြစ်ကြောင်း၊ ယင်းသို့ အောင်မြင်နေခြင်းသည်လည်း အစိုးရတစ်ရပ်တည်း၏ ဆောင်ရွက်ချက်ကြောင့် မဟုတ်ဘဲ ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နေမှုကြောင့် ဖြစ်ကြောင်း၊ ယင်းအခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ယခုထက်ပိုမိုစည်းလုံးအားကောင်းပြီး ပိုမိုညီညွတ်စွာဖြင့် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုတံတား အဆင့်မြှင့်တင်ပေးခဲ့ပြီး ရေရှည်တည်တံ့စေရေးအတွက် တာဝန်ရှိသူများအားလုံးက ထိန်းသိမ်းစောင့်ရှောက်ပေးရန်လိုကြောင်း၊ သို့ဖြစ်ရာ ပြည်သူများအနေနှင့် ရရှိထားသည့် ဒီမိုကရေစီ၏ အနှစ်သာရကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ရန်အတွက် မိမိတို့အကျိုး၊ မိမိတို့ပြည်နယ်အကျိုး၊ နိုင်ငံ့အကျိုးအတွက် အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားပြီးနောက် ဒေသခံပြည်သူများကိုယ်စား မင်းစုရပ်ကွက်နေ ဦးစိုးညွန့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ကန္ဒရဝတီတံတားသစ်အား ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူနှင့် မြို့မိမြို့ဖ ဦးစဝ်သန်းဝင်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ကန္ဒရဝတီတံတား ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခြင်းနှင့် တံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
လွိုင်ကော်မြို့၊ ဘီလူးချောင်းဖြတ် ကန္ဒရဝတီတံတားအား (၁၉၈၅) ခုနှစ်မှ စတင်၍ (၂၂) ပေအကျယ် (၂) လမ်းသွားအဖြစ် တည်ဆောက်အသုံးပြုခဲ့ပြီး နှစ်ပေါင်း (၃၄) နှစ် ကြာမြင့်ခဲ့ပြီးနောက် ယခုနှစ်နောက်ပိုင်းတွင် လမ်းအသုံးပြုမှု များပြားလာသည့်အတွက် လမ်းတံတားချဲ့ထွင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်အဆင့်မြှင့်တင် တည်ဆောက်ဆောင်ရွက်ခြင်းများကို တံတားအထူးအဖွဲ့ (၆) ၊ နေပြည်တော်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာနေ တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူတို့က တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ထွန်းလေး (ပြန်/ဆက်)