Skip to main content

ကသာခရိုင်အတွင်းရှိ အင်းတော်မြို့နယ်နှင့် ကသာမြို့နယ်တို့၌ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်ရေးအတွက် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်မှုတို့အား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မုံရွာ မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင် လိုက်ပါ၍ ကသာခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့်အတူ   ကသာခရိုင်အတွင်းရှိ အင်းတော်မြို့နယ်နှင့် ကသာမြို့နယ် တို့၌ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်ရေးအတွက် ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ ကြိုတင် ဆောင်ရွက် မှုတို့အား ယမန်နေ့  ညနေ(၅) နာရီခွဲက စတင်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးသုံး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြစ်ကြီးနားလမ်းအတိုင်း မော်တော်ယာဉ် များဖြင့် ထွက်ခွာလာရာ ညနေ (၅)နာရီခွဲတွင် အင်းတော်မြို့ဝင်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရေးအတွက် အဖျားတိုင်းကိရိယာများဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ခရီးသွားမိဘပြည်သူများအနေဖြင့် ကျန်းမာရေးကောင်းမွန်မှသာလျှင် မြို့တွင်း သို့ ဝင်ရောက်စေကြောင်းနှင့် မည်သူမဆို အစစ်ဆေး ခံရမည်ဖြစ်ပါကြောင်းနှင့် အစစ်ဆေးမခံသူများကို သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး ဥပဒေဖြင့် တရားစွဲဆို အပြစ်ပေးခံရမည်ဖြစ်ကြောင်း တာဝန်ရှိသူများကို မှာကြား ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားဘက်မှ အင်းတော်မြို့အဝင် ရွှေဘိုမြစ်ကြီးလမ်းပေါ်ရှိ နဘား လမ်းဆုံတွင် ဌာနဆိုင်ရာစုပေါင်းဂိတ်တွင် အများပြည်သူဝင်/ထွက်သွားလာနေမှုတို့အား ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျန်းမာရေးအသိပညာပေးပြောကြားပြီး ကျန်းမာရေး အထောက်အကူပြု ဆေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ပြီး မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ COVID 19 ရောဂါနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအတိုင်း  အထူးဂရုစိုက် ပူးပေါင်းပါဝင်ဖို့  ပြည်သူများအား တိုက်တွန်း ပြောကြားခဲ့သည်။

အလားတူ ကသာမြို့ဝင်တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါမဖြစ်ပွားပွားမကူးစက်ရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးခြင်း၊ အဖျားတိုင်းကိရိယာများဖြင့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးသုံးဆေးဝါးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

တိုင်ဒေသကြီးဝန်ကြီးချုပ်သည် ယနေ့ခရီးစဥ်တွင်  ရွှေဘိုမြစ်ကြီးနားလမ်း ထပ်ပိုးကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အားလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ဆဲ ကုမ္ပဏီများနှင့် ကျန်ရှိနေသေးသော လမ်းပိုင်းများအား  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေး အလေး ထား ဆောင်ရွက်သွားကြရန် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ တာဝန်ရှိသူအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)