ဧရာဝတီ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်၍ အမှာစကားပြောကြားသည်။ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ လုပ်ငန်းများ ဆောင်ရွက်မှုများကိုလည်းကောင်း၊ တိုင်းဒေသကြီး အဆင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ခရိုင်အဆင့်ဥက္ကဋ္ဌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီး အတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ ကြသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကာ တက်ရောက်လာသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြကြပြီး၊ စောင့်ကြည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်ဟန်