Skip to main content

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ပြန်လည်ထူထောင်ရေး အဖွဲ့ဝင်များ အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၈

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ဝင်များ အကြိုညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ယနေ့ မွန်းလွဲ (၂) နာရီတွင် ကျင်းပသည်။

 

ရှေးဦးစွာ ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ယခုအခါ မူးယစ်ပြန်လည်ထူထောင်ရေး (၃) လ သင်တန်းများကို အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စဉ်ဆက်မပြက် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိနေပြီးဖြစ်ပါကြောင်း၊ မူးယစ်ဆေးစွဲသူအမျိုးသမီးများ ပြန်လည် ထူထောင်ရေးအတွက် လားရှိုးပြန်လည်ထူထောင်ရေးစခန်း၌ သင်တန်းဖွင့်လှစ်နိုင်ရန် ရှမ်း ပြည်နယ်အစိုးရနှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ရှိသူများ၏ အကူအညီ တောင်းခံချက်အရမိမိတို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းများတွင် ယခုထက် သင်တန်းအကြိမ်ရေတိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။

 

မူးယစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တရားဝင်မှတ်ပုံတင် အဖွဲ့အစည်းများ ဖြစ်ပေါ် လုပ်ကိုင်စေရေး၊ ဥပဒေ/နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် လည်းကောင်း အဖွဲ့အစည်း များအား မိမိတို့ ဝန်ကြီးဌာနမှ ဥပဒေနှင့်အညီပံ့ပိုး ကူညီနိုင်ရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ရန် ဝိုင်းဝန်းအကြံပြုပူးပေါင်း ကူညီဆောင်ရွက်ပေး စေလိုပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန၊ ကုသရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

(သတင်းစဉ်)