နိုင်ငံတစ်နိုင်ငံတွင် ၎င်းနိုင်ငံ၏ ပြည်တွင်းထုတ်ကုန်များ အရည်အသွေးနှင့် အဆင့်အတန်း မြင့်မားလျှင် ပြည်တွင်းသုံးစွဲရန်သာမက ပြည်ပသို့တင်ပို့ရန်အတွက်ပါ အလျှံထုတ်လုပ်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အနီးစပ်ဆုံး အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် အဆင့်အတန်းမှာ မြင့်မားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် လူသုံးကုန်ပစ္စည်း အသေးအမွှားမှအစ ကြီးကြီးမားမားအထိ ၎င်းနိုင်ငံများမှ ဝယ်ယူအသုံးပြုလျက်ရှိသည်။
ပြည်တွင်းထုတ်ကုန် တိုးတက်မြှင့်တင်ထုတ်လုပ်နိုင်မှုကြောင့် ၎င်းနိုင်ငံများ၏ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နေပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်ပသွင်းကုန်များကို မှီခိုအားထားနေသောကြောင့် ကုန်သွယ်မှုလိုငွေပြပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့သည်။ အဆိုပါအခြေအနေတွင် တစ်ကမ္ဘာလုံးကြုံတွေ့ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးသည် အဆိုးဆုံးအခြေအနေသို့ရောက်ရှိခဲ့ပြီး လူတစ်ဦးချင်းဝင်ငွေများလည်း ကျဆင်းသွားခဲ့သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် တိုက်ရိုက်ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ ထိခိုက်ခံစားခဲ့ရသည်။ ငွေကြေးအရင်းအနှီးနည်းသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုထိခိုက်ခဲ့ရသည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို ထောက်ပံ့ကူညီအားပေးပြီး ပြည်တွင်းထုတ်ကုန်များ အဆင့်အတန်းမြင့်မားတိုးတက်လာအောင် ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားရေးလုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် အဓိကမောင်းနှင် လည်ပတ်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို မြှင့်တင်အားပေး ဆောင်ရွက်လျက်ရှိရာ “ဒေသအသီးသီးရှိ အလားအလာကောင်းသည့် ကုန်ကြမ်းများ၊ လယ်ယာ၊ သားငါးထွက်ကုန်များကို နည်းပညာ၊ စက်ပစ္စည်းအကူအညီဖြင့် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက် မြှင့်တင်နိုင်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ပြီး နိုင်ငံ့ GDP ကို မြှင့်တင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၂)တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် MSME လုပ်ငန်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါလျက်ရှိသည်။ ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေအရ မှတ်ပုံတင်ထားသည့် လုပ်ငန်းများအနက် MSME လုပ်ငန်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့် လုပ်ငန်း ၄၅၀၀၀ ကျော်ရှိသည်။ ထို့အပြင် အခြားဝန်ကြီးဌာနများတွင် မှတ်ပုံတင်ထားသောလုပ်ငန်း ၂၅၀၀၀၀ ကျော်လည်းရှိသည်။ မှတ်ပုံတင်ထားသည့် MSME လုပ်ငန်းများ ရှင်သန်ရန်နှင့် လုပ်ငန်းများ ပုံမှန်လည်ပတ်စေရန်အတွက် နိုင်ငံတော်အစိုးရက ငွေကြေးအရင်းအနှီးများ ထုတ်ချေးပေးထားပြီး ချေးငွေပေးဆပ်မှုကာလကိုလည်း သက်တမ်းထပ်မံတိုးမြှင့်ပေးထားသည်။ MSME လုပ်ငန်းများသည် စီးပွားရေးတွင် အင်အားကောင်းပြီး နိုင်ငံ၏အားသာချက်အပေါ်တွင် အသုံးချနိုင်မည်ဆိုပါက အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်သည်။ အခွင့်အလမ်းအနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ လိုအပ်ချက်ဖြစ်သော စားသောက်ကုန်ဆိုင်ရာ ထုတ်ကုန်များကို သုံးစွဲသူအကြိုက် ထုတ်လုပ်ပေးရန် လိုအပ်သည်။
စားသောက်ကုန်ပစ္စည်းများကို အဆင့်အတန်းမြင့်မားသော နည်းပညာများ အသုံးပြုပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်ထားသည့် သုံးစွဲသူအကြိုက် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး၊ ကမ္ဘာ့တန်ဖိုးမြှင့်ကွင်းဆက်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းထုတ်လုပ်မှုကွန်ရက်များသို့ ဝင်ရောက်နိုင်ရန် ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်သည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စားသုံးသူများ၏ အပြုအမူနှင့် လိုအပ်ချက်ပုံစံများ ပြောင်းလဲလာသည့်အတွက် MSME လုပ်ငန်းများအနေဖြင့် ဈေးကွက်သုတေသန ရလဒ်များကို လေ့လာဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာကို မဖြစ်မနေသုံးစွဲရန် လိုအပ်လာပြီဖြစ်သည်။ သို့သော် MSME လုပ်ငန်းများအနေဖြင့် လက်ရှိအချိန်အထိ ဒစ်ဂျစ်တယ် နည်းပညာများကို ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်မြှင့်တင်ရေးအပိုင်းနှင့် ကုန်သွယ်ငွေလွှဲသည့် အပိုင်းတို့တွင် ကျွမ်းကျင်စွာသုံးစွဲရန် လိုအပ်နေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက MSME လုပ်ငန်းများ အခွင့်အရေးလက်ဝယ် ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ MSME လုပ်ငန်းများအား တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး မြင့်မားတိုးတက်လာအောင် ကူညီပေးကာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။