Skip to main content

လူငယ်နှင့် စာပေအနုပညာ

လောကအကြောင်း အလုံးစုံသိမြင်နိုင်ရန်မှာ ဘုရားမှတစ်ပါးလူသားတို့အဖို့ ဖြစ်နိုင်သည်မဟုတ်။ သို့စေကာမူလူဟူ၍ ဖြစ်လာသည်နှင့် လောကအလယ် အမြင်ကျယ်ကျယ်နှင့် သိနိုင်သမျှသိရစေရန် လေ့လာဆည်းပူး အားထုတ်ကြိုးပမ်းကြရသည်။ အနည်းဆုံးအားဖြင့် ကျောင်းသို့သွား၍ ပညာသင်ကြရသည်။ စင်စစ်ကျောင်းသင်ပညာသည် ဘာသာရပ်အလိုက် တတ်မြောက်ထူးချွန်စေရန်၊ အသုံးချနိုင်စေရန်အတွက်သာဖြစ်ပြီး ကျောင်းသင်ပညာ၏ ပြင်ပမှဖြစ်သော အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိမြင်နိုင်ရန်အတွက်မှာမူ စာဖတ်ခြင်းနည်းလမ်းကသာ အလွယ်ကူဆုံးဖြစ်သည်။

စာဖတ်ခြင်းက ဖတ်သူ၏သိမှုနယ်ပယ်ကို ကျယ်ပြန့်စေသည်ဖြစ်ရာ များများဖတ်လေပို၍ ကျယ်ပြန့်လေပင်ဖြစ်သည်။ ကလေးဘဝမှစ၍ စာဖတ်သည့်အကျင့်စွဲမြဲသူသည် လူငယ် ဘဝ၊ လူရွယ်ဘဝ၊ လူလတ်ဘဝ၊ လူကြီးဘဝ စသည့်သက်တမ်း တစ်လျှောက်လုံးတွင် စာပေကို အရွယ်လိုက်ပြောင်းလဲ ဖတ်ရှုသွားလေ့ရှိကြသည်။ ရုပ်အာဟာရအတွက် အစားအစာတို့ကို စားသုံးကြရသလို စိတ်အာဟာရအတွက်လည်း စာဖတ်ခြင်းဖြင့် ဖြည့်တင်းကြရသည်။ “စာပေဖတ်ရှုခြင်းသည် ကြည်နူးနှစ်သက်မှုကိုလည်းဖြစ်စေသည်။ အဆင်တန်ဆာအလှကိုလည်း ပေါ်စေသည်။ စွမ်းရည်သတ္တိကိုလည်း ထက်စေသည်” ဟု ဆိုထားရာ စာဖတ်တတ်စကျောင်းသားအရွယ်မှစ၍ စာဖတ်သည့်အလေ့တို့ ပျိုးထောင်ကြရမည်။ စာဖတ်သည့်အကျင့်တို့ စွဲမြဲစေရန်လည်း အားပေးတိုက်တွန်းကြရမည်ဖြစ်သည်။

အသိပညာ၊ အတတ်ပညာ ဗဟုသုတတို့ကို လေ့လာဆည်းပူး၍ လက်တွေ့အသုံးချရန် လိုအပ်လာသည့်အခါ အရေးပါအရာရောက်စွာဖြင့် ဆောင်ရွက်နိုင်ပုံကို အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာ၌ “အဋ္ဌာရသ၊ သိပ္ပမကြွင်း၊ နှလုံးသွင်း၍၊ အခင်းအရာ၊ ရှိသောခါလည်း၊ နှုတ်ပါလက်ရေး၊ ဇယ်ထောင်သောင်းကို၊ ဒိုးကောင်းပြေးသို့၊ လူရေးလူရာ၊ ပီလှစေ” ဟူ၍ ရေးသားခဲ့သည့်အပြင် “မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာလည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။”ဟူ၍လည်း တိုက်တွန်းဆုံးမခဲ့ရာ “အလိမ္မာစာမှာရှိ” ဟူ၍ခံယူကြသည့် မြန်မာလူမျိုးတို့အနေဖြင့် စာကောင်းပေမွန်တို့ကို ရှာဖွေဖတ်ရှုလေ့လာရန် ရှေးကတည်းကပင် အားပေးခဲ့ကြကြောင်း သိရှိနိုင်မည်ဖြစ်သည်။

မျက်မှောက်ခေတ်တွင် နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ ယခင်ကစာအုပ်များတွင်သာ ဖတ်ရှုနိုင်သည့် သုတ ရသစာပေများကို အင်တာနက်တွင်လည်း အလွယ်တကူ ရှာဖွေဖတ်ရှုလာနိုင်ကြသည်။ စာပေကို အမှန်တကယ် ဖတ်ရှုလိုသူလူငယ်များအတွက်စာပေသည် လက်တစ်ကမ်း၌ပင်ရှိနေရာ အကျိုးရှိစေသည့်စာကို ရွေးချယ်ဖတ်ရှုကြရုံသာဖြစ်သည်။ ကျောင်းသင်ပညာသည် အကန့်အသတ်ဖြင့်ပြီးဆုံးသွားသော်လည်း စာပေအသိသုတတို့ကမူ တစ်သက်တာ စဉ်ဆက်မပြတ် ဖတ်ရှုကြရမည်ဖြစ်ပြီး ဖတ်ရှုသူမှာလည်း စဉ်ဆက်မပြတ် စွမ်းရည်သတ္တိအရည်အချင်းတို့ တိုးတက်ထက်မြက်နေမည်ဖြစ်သည်။

ငယ်စဉ်ကတည်းက စာပေကို လေ့လာဖတ်ရှုကြစေရန်အတွက် လူငယ်တို့ကို နှိုးဆော်တိုက်တွန်းသောအားဖြင့် လူငယ်နှင့် စာပေဆိုင်ရာပွဲတော်များ၊ ပြပွဲများကျင်းပ၍ နိုင်ငံတော်အဆင့် ဆောင်ရွက်လျက်ရှိရာ မကြာမြင့်မီကာလတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကို နေပြည်တော်တွင် သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ လူငယ်တစ်ဦးအဖို့ ကျောင်းသင်ပညာရေးနိမ့်ကျနေသည့်အပြင် စာပေကိုလည်း မဖတ်ဟုဆိုပါက အသိပညာ၊ ဗဟုသုတ ခေါင်းပါးနိမ့်ကျခြင်းနှင့် ယင်း၏အကျိုးဆက်များကိုလည်း ခံစားကြရမည်ဖြစ်သည်။ အတန်းသင်ပညာ နည်းပါးစေကာမူ စာပေကို ထူးထူးခြားခြား လေ့လာဖတ်ရှုကြခြင်းဖြင့် လူတစ်လုံးသူတစ်လုံးဖြစ်ခဲ့ကြသူများ၊ ကြီးမြင့်ခဲ့ကြသူများကို အားကျအတုယူနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်