Skip to main content

သုတေသနရှာဖွေမှုဖြင့် နိုင်ငံအကျိုးပြု

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၂)ကြိမ်မြောက် သုတေသနညီလာခံကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးရက်တာကျင်းပခဲ့သည်။ သုတေသနညီလာခံသည် တက္ကသိုလ်၊ ကောလိပ်များ၊ ပုံမှန်သင်တန်းများဖွင့်လှစ်နိုင်သည့်အတွက် ပြုလုပ်နိုင်ခြင်းဖြစ်ပြီး အဆင့်မြင့် ပညာကဏ္ဍတွင် ဖွင့်လှစ်သင်ကြားနေသော ဘာသာရပ် ၃၂ မျိုး ရှိသည့်အနက် ဘာသာရပ် ၂၄ မျိုးမှ သုတေသနစာတမ်း ၂၄၃ စောင်ကို ဖတ်ကြားဆွေးနွေးနိုင်ခဲ့သည်။

သုတေသနသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းအောင်မြင်ရေးအတွက် များစွာအထောက်အကူပြုသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရပ်ဆိုင်ရာဘာသာရပ်များကို စာတွေ့သာမက ကွင်းဆင်းလေ့လာ သုတေသနပြုလုပ်ကြပြီး လက်တွေ့နယ်ပယ်နှင့်ပေါင်းစပ်ကာ အကျိုးဖြစ်ထွန်းလာအောင် ပြုလုပ်ကြသည်။ သုတေသနကို အဓိကအားပြု၍ ဆောင်ရွက်ကြသောကြောင့် နိုင်ငံများမှာ ဖွံ့ဖြိုးတိုးတက်လာကြသဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ အားကောင်းလာစေရန်ဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတွင် ပါရဂူတန်းဖွင့်လှစ်သည့် တက္ကသိုလ် အနည်းဆုံးတစ်ခုရှိရေး လမ်းညွှန်မှာကြားထားသည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်နှင့် သက်ဆိုင်ရာဒေသ၏ အလားအလာအပေါ်မူတည်၍ Center for Research and Innovation(CRI) များ ထူထောင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ CRI များပေါ်ပေါက်လာပါက ဒေသတွင်း၌ရှိသည့် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ဒေသလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလိုအပ်ချက်ကို တက္ကသိုလ်များက ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ထိုအခါတက္ကသိုလ်ရှိ သုတေသီ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တိုးတက်ရေးကို တိုက်ရိုက်အကျိုးပြုစေမည့်အပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလားအလာကောင်းများ ရရှိလာမည်ဖြစ်သည်။

သုတေသနသည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် သုတေသန ယဉ်ကျေးမှုတစ်ခု တက္ကသိုလ်မြေတွင် အခိုင်အမာပေါ်ပေါက်လာစေရန်အတွက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သက်ဆိုင်သူများနှင့် စိတ်ဝင်စား သူများက ဝိုင်းဝန်းအားပေးရန်လိုအပ်ပါသည်။ တက္ကသိုလ်ဟူသည် သင်ကြားရေး တစ်မျိုးတည်းဖြင့် ပြည့်စုံမည်မဟုတ်ပါ။ တက္ကသိုလ်၏အသက်သည် သုတေသန လုပ်ငန်းဖြစ်သည်။ စစ်ကြိုခေတ်က ရန်ကုန်တက္ကသိုလ်တွင် သင်ကြားရေးသာမက သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ရန်ကုန်တက္ကသိုလ်ရှိ ဌာနအသီးသီး၏ သုတေသနဆောင်ရွက်ချက်များနှင့် ပုံနှိပ်ထုတ်ဝေမှုတို့သည် အလွန်အားကျစရာကောင်းသည်ဟု မှတ်သားရသည်။ အထူးသဖြင့် သမိုင်းဌာနသည် သုတေသနလုပ်ငန်းအများအပြားကို ဆောင်ရွက်ခဲ့သည်။

တက္ကသိုလ်ဆရာတစ်ဦးသည် သင်ကြားရေးသာမက သုတေသနကိုလည်း ပြုစုရသည်။ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ပါမောက္ခတစ်ဦး၏ အရည်အသွေးကို တိုင်းတာရာ၌ သုတေသနစာတမ်း မည်မျှပြုစုသည်၊ သုတေသနစာအုပ် မည်မျှထုတ်ဝေသည်၊ နိုင်ငံတကာ သုတေသနစာတမ်း မည်မျှဖတ်ကြားသည်တို့အပေါ်တွင် မူတည်သဖြင့် ပါမောက္ခအပါအဝင် တက္ကသိုလ်မှ ဆရာ ဆရာမများသည် သုတေသန ကို အပြိုင်အဆိုင်လုပ်ကြရသည်။ သုတေသန ထောက်ပံ့ကြေးငွေများလည်း အလုံအလောက်ပေးထားသဖြင့် အဆင့်အတန်းမီသော သုတေသနရလဒ်များ ပေါ်ထွက်လာသည်ကို တွေ့ရသည်။ ထို့အပြင် ပါမောက္ခများသည် ဘာသာရပ်အလိုက် သက်ဆိုင်ရာနယ်ပယ်များတွင် နှစ်အကန့်အသတ်ဖြင့် ပညာမျှဝေ ဆောင်ရွက်ကြသည်။

သုတေသနသည် ပညာရပ်ဆိုင်ရာ တိုးတက်ရေးအတွက် ကြီးစွာအထောက်အပံ့ ပြုသည့်အပြင် နိုင်ငံဖွံ့ဖြိုးရေးအတွက် ကဏ္ဍအလိုက် များစွာအထောက်အကူပြု သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် အတိတ်တစ်ချိန်က တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများ အားကောင်းခဲ့သဖြင့် ထူးချွန်ထင်ရှားသော ပညာရှင်များစွာ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံအား အကျိုးပြုခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ယခုအခါ တက္ကသိုလ်များတွင် သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် CRI များ ပေါ်ပေါက်လာပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာနိုင်သည်။

သို့ဖြစ်ရာ ဘာသာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပြီး ဘာသာရပ်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းကာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းအားပေးကူညီ ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။