တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများကို လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နှောင့်ယှက်ထိပါးတိုက်ခိုက်ခြင်းမရှိသရွေ့ ယမ်းငွေ့ယမ်းနံ့နှင့် ပစ်သံ ခတ်သံ၊ ပေါက်ကွဲသံတို့ ကင်းစင်တိတ်ဆိတ်နေမည်ဖြစ်သည်။
တပ်မတော်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ လေးနှစ်ကျော်ကာလတိုင်အောင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ်ထုတ်ပြန်ခဲ့ပြီး တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်စဲပေးခဲ့သည်။ ယခုတစ်ကြိမ်နှင့်ပါဆိုလျှင် တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကိုရပ်စဲပေးခဲ့သည့် ကာလအားဖြင့် တစ်ဆက်တစ်စပ်တည်း ငါးနှစ်အထိ ရောက်ရှိသွားမည်ဖြစ်သည်။ တပ်မတော်၏လက်တွေ့ကျသော အဆိုပါဆောင်ရွက်ချက်၏ အဓိကအကျဆုံးတစ်ခုတည်းသော ရည်ရွယ်ချက်မှာ ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို ဖြည့်ဆည်းပေးနိုင်ရန်ပင်ဖြစ်သည်။
ပြည်သူလူထု၏ ကာလရှည်ကြာတောင့်တခဲ့ကြသော လိုအင်ဆန္ဒဖြစ်သည့် ထာဝရငြိမ်းချမ်းရေးကိုရယူပေးနိုင်ရန်မှာ ဘက်တစ်ဖက်တည်းက ဆောင်ရွက်ပေးနိုင်သည့်အရာမဟုတ်ဘဲ အမှန်တကယ်ငြိမ်းချမ်းစေလိုသည့် ဆန္ဒအာသီသဖြင့် အားလုံးပါဝင်ဆောင်ရွက်ပေးနိုင်ကြဖို့ လိုအပ်သည်။ စစ်ရေးနည်းလမ်းကိုဆွဲကိုင်လျက် ဆယ်စုနှစ်တစ်ခုပြီး တစ်ခု၊ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်တိုက်ခိုက်ခဲ့ကြခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် သုံးစွဲရမည့်ဓနအရင်းအမြစ်များ၊ သယံဇာတအရင်းအမြစ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ များစွာဆုံးရှုံးခဲ့ရသည်။ အထူးသဖြင့် နိုင်ငံနှင့်ပြည်သူတို့၏အနာဂတ်ကို ဖန်တီးတည်ဆောက်ကြရမည့် ခေတ်အဆက်ဆက်မှ လူငယ်မျိုးဆက်များမှာ လက်နက်ကိုင်ပဋိပက္ခနွံအတွင်း သက်ဆင်းကျရောက်ခဲ့ခြင်းနှင့်အတူ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးဆက်များဖြစ်သော စိတ်ဒဏ်ရာများ၊ ခံစားချက်များစသည်တို့က ခါးသီးပြင်းထန်လေ့ရှိသည့်အလျောက် အဖျက်သဘောဆီသို့သာ ဦးတည်သွားစေသည်။
ယခုအခါ မိမိတို့နိုင်ငံသည် သမိုင်း၏ အချိုးအကွေ့တစ်ခုဆီသို့ ရောက်ရှိနေပြီဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတို့ကို တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုအားဖြင့် အတူတကွပူးပေါင်းတည်ဆောက်ကြရန် အချိန်အခါကောင်းသို့ရောက်ရှိနေသည်။ သို့ဖြစ်သည့် အလျောက် ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေးဟူသော တိုင်းရင်းသားပြည်သူအားလုံးတို့၏ လိုအင်ဆန္ဒများကို အတူတကွဆွေးနွေးညှိနှိုင်းအဖြေရှာသော နည်းလမ်းအားဖြင့် ဖြည့်ဆည်းပေးနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်