Skip to main content

အဖိုးတန်ရေချိုကို တန်ဖိုးထားသုံးစွဲရန်လို

မြန်မာနိုင်ငံသည် ရေသယံဇာတအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး ရေချိုထုတ်ယူနိုင်မှုတွင် ကမ္ဘာ့အဆင့် ၈ ရှိသည်ဟုဆိုသည်။ လူတစ်ဦးတစ်နေ့အတွက် ရေချိုရရှိမှုကို အိမ်နီးချင်းနိုင်ငံအချို့နှင့်နှိုင်းယှဉ်ပါက အိန္ဒိယက ၁၅၆ ကုဗပေ၊ ထိုင်းက ၃၂၀ ကုဗပေရရှိပြီး မြန်မာက ၁၀၃၂ ကုဗပေရရှိနေခြင်းဖြစ်သည်။ ဤသည်မှာ လူတစ်ဦးချင်းပျမ်းမျှရရှိမှု ကိန်းဂဏန်းပမာဏများသာဖြစ်ပြီး ဒေသအလိုက်အားဖြင့် မိုးရာသီကုန်ဆုံးသည်နှင့် ရေအတွက် ရတက်ပွေကြရသည့် ဒေသများစွာတို့ရှိနေသည်ကိုလည်း တွေ့နိုင်သည်။

အာကာသမှကြည့်လျှင် အပြာရောင်ဂြိုဟ်ကြီးတစ်လုံးအဖြစ် တွေ့မြင်ရသည့် ကမ္ဘာကြီး၏မျက်နှာပြင်အများစုကို ရေများဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သော်လည်း လူသားတို့အသုံးပြုနိုင်သည့် ရေချိုပမာဏမှာ တစ်ရာခိုင်နှုန်းမျှသာရှိသည်။ အဆိုပါ ရေချိုပမာဏသည်ပင်လျှင် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာခြင်း၊ သဘာဝပတ်ဝန်းကျင်များပျက်စီးလာခြင်း၊ ရှိရင်းစွဲရေချိုအရင်းအမြစ်များ တည်တံ့အောင်မထိန်းသိမ်းနိုင်ခြင်း၊ မြို့ပြဒေသများတွင် ရေဆိုးစွန့်ပစ်မှုစနစ်နှင့် မိလ္လာစနစ်တို့ ညံ့ဖျင်းခြင်း၊ အမှိုက်များမဆင်မခြင်စွန့်ပစ်ခြင်း စသည့် အကြောင်းရင်းများစွာတို့ကြောင့် ရေချိုအရင်းအမြစ်များ ပျက်စီးလျော့နည်းလျက်ရှိရာ ကမ္ဘာ့လူဦးရေ သန်း ၇၀၀ ခန့်မှသည် သန်း ၁၀၀၀ ခန့်အထိ ရေရှားပါးမှုဒဏ်ကို ခံစားနေ ကြရသည်။

“ရေသုံးစွဲမှုနှင့်ပတ်သက်၍ အဖိုးတန်ရေချိုကို ချွေတာသုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရေကို အကျိုးရှိရှိဖြင့် လိုအပ်သည့် ပမာဏကိုသာ အသုံးချရန်လိုကြောင်း၊ ရေနှင့်ပတ်သက်၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သစ်ပင်သစ်တောရှိရမည့်နေရာတွင် သစ်ပင်ရှိစေရေးသက်ဆိုင်ရာဒေသနှင့် ဝန်ကြီးဌာနများက ဆောင်ရွက်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံတစ်ဝန်းတွင် ဒေသအလိုက်တည်ရှိနေသည့် အဖိုးတန်ရေသယံဇာတအရင်းအမြစ်များ မပျက်စီးရေးအတွက် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများကို ထိရောက်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ရေဝေရေလဲဒေသများ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သကဲ့သို့ သစ်တောပျက်စီးပြုန်းတီးသည့် နေရာများတွင်လည်း ပြန်လည်စိုက်ပျိုးသွားရန် လိုအပ်သည်။

ကမ္ဘာတွင် လူဦးရေတိုးလာနေသကဲ့သို့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကလည်း ဖြစ်ပေါ်လျက်ရှိရာ အနာဂတ်တွင် ရေသည်ရှားပါးအဖိုးတန်သည့် သယံဇာတဖြစ်လာမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးဧကတိုးတက်ရေးဆောင်ရွက်ရာတွင် စိုက်ပျိုးရေအတွက် ရေအရင်းအမြစ်များမှာပိုမို၍အရေးပါလျက်ရှိသည်။ မိမိတို့တွင်ရှိပြီးဖြစ်သော ရေချိုသယံဇာတအရင်းအမြစ်များကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အနာဂတ်တွင် စားရေရိက္ခာအတွက် ကြောင့်ကြမှုကင်းကာ ဖူလုံပြည့်စုံနိုင်မည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်