ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့်အချက်များကို ဖော်ပြထားပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရေး၊ စီးပွားရေး၊ စားရေရိက္ခာဖူလုံရေး၊ ငြိမ်းချမ်းရေးတို့သည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်လာရန်အတွက် အဓိကလိုအပ်ချက်များဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ပါမှ တိုင်းရင်းသားပြည်သူအားလုံးအတွက် အစဉ်တိုးတက်သည့် သာယာဝပြောသောလူ့ဘောင်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးတိုင်းကို (KG+9) (အခြေခံပညာအလယ်တန်းအဆင့်)ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အကြောင်းမှာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ပြည်သူများဖြစ်ပြီး ပညာရေးနှင့်အလှမ်းဝေးသဖြင့် လူမှုစီးပွားဘဝနိမ့်ကျမှုများရှိသည်။ ထို့ကြောင့် အခြေခံပညာအလယ်တန်းပြီးဆုံးသည့် လူငယ်များ အသက်မွေးဝမ်းကျောင်းပညာသင်ကြားနိုင်ရန် ဖန်တီးပေးထားသည်။
ကျေးလက်လူမှုစီးပွားမြှင့်တင်နိုင်ရန် လာမည့်ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ ရှိ အထက်တန်းကျောင်းတစ်ကျောင်းစီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာပညာရပ်များကို တွဲဖက်သင်ကြားပေးမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အခြေခံစီးပွားရေးကဏ္ဍ၌ မြှင့်တင်ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME လုပ်ငန်းများ၌ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးသောကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်အောင် အားပေးမြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသူ Importer အဖြစ်မှ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့ ပြန်လည်တင်ပို့နိုင်သူ Exporter အဖြစ်သို့ရောက်ရှိသည်အထိ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြားတိုးပွားလာပြီး ယခုအခါ ရှစ်ဘီလီယံသို့ရောက်ရှိလာပြီဖြစ်ရာ လူဦးရေတိုးတက်လာသည်နှင့်အတူ စားနပ်ရိက္ခာလိုအပ်ချက်လည်း မြင့်တက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မူလကတည်းက စားနပ်ရိက္ခာဖူလုံသည့်နိုင်ငံဖြစ်သည့်အပြင် ပိုလျှံသည်များကို အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသဖြင့် ကမ္ဘာ့နိုင်ငံများသို့ စားနပ်ရိက္ခာလုံခြုံမှု (Food Security)ပေးနိုင်သည့်နိုင်ငံဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတများပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ သဘာဝသယံဇာတများကိုထုတ်ယူသုံးစွဲပြီး သဘာဝပတ်ဝန်းကျင်ကို စနစ်တကျ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော (Sustainable Development) နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
တစ်ဆက်တည်းတွင် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူများအတွက် အရေးကြီးသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်လည်း တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သဘောတူညီချက်များအတိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ဖော်ဆောင်လျက်ရှိသည်။ ပြည်သူများ၏ ဆန္ဒဖြစ်သည့်လွတ်လပ်၍ တရားမျှတမှုရှိသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်ပေါ်လာရေးကိုလည်း ဦးတည်ဆောင်ရွက်လျက်ရှိသည်။ ဖော်ပြပါအချက်များသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များဖြစ်သည်နှင့်အညီ ပိုမိုတိုးတက်ဖြစ်ထွန်းလာအောင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ကိုအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံ၍ တက်ညီလက်ညီဆောင်ရွက်ကြခြင်းဖြင့် အခက်အခဲများကိုကျော်လွှားကာ နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟုယုံကြည်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်