ဟားခါး သြဂုတ် ၅
ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ (၂/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လူမှု အားမာန်အဖွဲ့များ(Inclusive Self-Help Group) ဖွဲ့စည်းခြင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ချင်းပြည်နယ် သက်ကြီး ရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က မိမိတို့နိုင်ငံအတွင်း တိုးပွားလာသည့် သက်ကြီးရွယ်အိုများနှင့်အတူ သက်ကြီးရွယ်အိုဘဝ ဝင်ငွေမလုံခြုံမှု၊ ကျန်းမာရေးပြုစု စောင့်ရှောက်မှုဆိုင်ရာပြဿနာနှင့် လူမှုရေးအထီးကျန်မှုဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေ ရပြီဖြစ်သည့်အတွက် သက်ကြီးရွယ်အိုဘဝ ပုံမှန်ဝင်ငွေရရှိရေး၊ လူမှုဘဝ သာယာစိုပြေရေး ကျန်းမာရေး စောင့်ရှောက်မှု စသည့်ကဏ္ဍများကို တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် အဆိုပါကဏ္ဍများကို ဆောင်ရွက်ပေးနိုင်မည့် လူမှုအားမာန်အဖွဲ့များကို မိမိတို့ရပ်ရွာဒေသအလိုက် ဆက်လက်ဖွဲ့စည်းနိုင်ရေးနှင့် ရေရှည် တည်တံ့ရေးအတွက် တက်ရောက်လာကြသည့် သက်ကြီးရွယ်အိုကော်မတီဝင် ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့ အစည်း အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ချင်းပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက လူမှုအားမာန်အဖွဲ့များ(Inclusive Self-Help Group) ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အဖွဲ့အစည်းအတွင်း ကော်မတီဖွဲ့စည်းပုံများ၊ ပါဝင်ရမည့် အသက်အရွယ်အလိုက် သတ်မှတ်ထားမှုပုံစံများ၊ ဆောင်ရွက်ရမည့် အဓိက ကဏ္ဍ(၃)ရပ် အကြောင်းများ၊ စီမံကိန်းရွေးချယ်ရာတွင် စံသတ်မှတ်မှုအခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို Power Point အသုံးပြု၍ ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများက အကြံပြုဆွေးနွေးခဲ့ကြပြီးနောက် အကြံပြုဆွေးနွေးချက်များအပေါ် ချင်းပြည်နယ် သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ သည်။
ချင်းပြည်နယ်အတွင်း လူမှုအားမာန်အဖွဲ့များ(Inclusive Self-Help Group)ကို ကျေးရွာအဆင့် ဖွဲ့စည်းခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်များတွင် ဆောင်ရွက်ပြီးစီးခဲ့၍ ကျန်ရှိသည့်မြို့နယ်များတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း (ပြန်/ဆက်)