ထားဝယ် သြဂုတ် ၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဒဿမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ၂၀၂၀ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၄) ပါးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီး ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က လောကမာရဇိန်ဘုရားကြီးဓမ္မာရုံ၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီးအား ရွှေကြာသင်္ကန်း ဆက်ကပ်ပူဇော်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်အုပ်၊ ဘဒ္ဒန္တသူရိယ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ ငါးပါး သီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာ့တော်များထံမှ ပရိတ်တရားတော်များနာယူကြည်ညိုသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းအခမ်းအနားကျင်းပခြင်းနှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးသန်းအေးအောင်က ဘွဲ့တံဆိပ်တော်ရဆရာတော် (၄) ပါး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား ဘွဲ့တံဆိပ်အဆောင်အယောင်နှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ဇေယျဝတီကျောင်းတိုက်အုပ်၊ ဘဒ္ဒန္တသူရိယ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ အနုမောဒနာတရားတော်မြတ်ကို နာယူကြည်ညို ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)