ဦးနေအုပ် (ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ)
ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် အခြေခံ ပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ International Schools များ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် လာကြသည့် ဆရာများနှင့် ကျောင်းသား ကျောင်းသူတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဦးနေအုပ်
ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ
ကျွန်တော်တို့ ဒီလိုပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ကျောင်းသားက လေးမျိုး လေးစား ဖြစ်နေ ပါတယ်။ အစိုးရကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိပါတယ်။ ပြီးတော့ ပုဂ္ဂလိကလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူတွေရှိပါတယ်။ International School လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ သင်ရိုးသင်ကျောင်းတက်တဲ့ ကျောင်းသူ ကျောင်းသားတွေလည်း ရှိတယ်။ ပြီးတော့ ဘုန်းတော်ကြီးသင်ကျောင်းတက်တဲ့ ကျောင်းသားတွေရှိတယ်။ အဲဒါတွေအားလုံးကို စုပေါင်း ပြီးတော့ ပျော်ရွှင်ရအောင် ပွဲတော်လုပ်ပေးခြင်း ဖြစ်ပါတယ်။ ကျောင်းနေပျော်၍ စာတော်ရမည် ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျောင်းသား ကျောင်းသူတွေ ပျော်စေချင်လို့ပါ။ ဒီကျောင်း လေးကျောင်းမှာ တက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ တပျော်တပါး တန်းတူညီမျှစွာ ပျော်ဖို့အတွက် ကျင်းပ ပေးတဲ့ ပွဲတော် ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတွေရဲ့ တူညီဝတ်စုံ ဝတ်ခွင့်မပြုပါဘူး။ ကလေးတွေကို ပွဲတော်ရဲ့လိုဂိုတံဆိပ်ပါတဲ့ အင်္ကျီတွေအားလုံး ဝတ်ကြပါတယ်။
အားလုံးပေါင်း ဇုန် ငါးခု ကလေးများ စိတ်ဝင်စားအောင် လုပ်ပေးထားပါတယ်။ စိန်ရတုသဘင်ကတော့ နေရာသိပ်မကျယ်ဘူး။ နောက်နှစ်တွေဆို သုဝဏ္ဏကွင်းတို့၊ အောင်ဆန်းကွင်းတို့မှာ လုပ်စေချင်တယ်။ ပထမဦးဆုံး အကြိမ်ဖြစ်ပြီး စီစဉ်တာလည်း နောက်ကျသွားတာ ဖြစ်လို့ပါ။ ဇန်နဝါရီလမှာ လုပ်ရတဲ့ အတွက် ကလေးတွေ စာမေးပွဲနဲ့ နီးနေတာကြောင့် ကလေးတွေကို ခုနစ်တန်း၊ ရှစ်တန်း၊ ကိုးတန်းပဲ ဖိတ်ပါတယ်။ နောက်နှစ်တွေဆို နိုဝင်ဘာလလောက် ကျင်းပဖို့အစီအစဉ် ရှိပါတယ်။ အာဆီယံ ၁၀ နိုင်ငံစလုံး ကျန်တဲ့ ကိုးနိုင်ငံက ကျောင်းသူ ကျောင်းသားတွေကို ဖိတ်ဖို့လည်း စီစဉ်ထားပါတယ်။ သင်ယူမှု လုပ်ငန်းတွေကို ဇုန် ငါးခု သတ်မှတ်ပြီး နံပါတ်(၁)က အာဆီယံဇုန်ဆိုတာ ဖတ်စာအုပ်ထဲမှာက အာဆီယံ ၁၀ နိုင်ငံစလုံး သင်ရတဲ့အတွက် ၁၀ နိုင်ငံအတွက် ကောင်တာဘုတ် လုပ်ပေးထားတယ်။ လေ့လာတယ်။ ၁၀ နိုင်ငံရဲ့ အချက်အလက်တွေကို ပြောပြတယ်။ ပြီးရင် ပဟေဠိ ဖြေကြမယ်။ အနိုင် ရရှိသူကို ဆုချမယ်။ အဲဒါပြီးရင် သိပ္ပံနဲ့ပတ်သက်တဲ့ စက်ရုပ်တွေကိုစုပေါင်းပြီး အတူတူလုပ်ကြမယ်။ ကစားကြတာပေါ့။
ပညာရေးဇုန်ဆိုရင် ဓာတုဗေဒ ဓာတ်ငွေ့တွေနဲ့ပတ်သက်ပြီး ထုတ်ကြမယ်။ ဆရာ ဆရာမတွေက လမ်းညွှန်ပေးမယ်။ နောက်ဇုန်တစ်ခုက အခြေခံပစ္စည်းတွေပေးပြီး သူ့ကိုယ်ပိုင်ဉာဏ်နဲ့ သော့ချိတ် ကလေးတွေ၊ အခြားပစ္စည်းတွေ လုပ်ကြမယ်။ နောက်ဆုံးဇုန် အစားအသောက်ချက်တဲ့ဇုန်က မြန်မာ မုန့်မျိုးစုံ လုပ်ကြမယ်။ ဆရာ ဆရာမတွေက သင်ပေးမယ်။ သူတို့က သူတို့ဉာဏ်စွမ်းလေးနဲ့ လုပ်ကြ မယ်။ ကျောင်းသား ၁၀၀၀ ဖိတ်ထားပါတယ်။ အုပ်စု (၅) ခုခွဲထားပြီး ၂၀၀ စီ ဖြန့်ထားပါတယ်။ ကျောင်းသား ကျောင်းသူတွေက တစ်နေကုန်လှည့်နေကြပါမယ်။ ကျောင်းလေးမျိုးက ကျောင်းသား ၁၀၀၀ ဖိတ်ပါတယ်။ ၂၅၀ စီ ခွဲထားပါတယ်။ အစိုးရ ကျောင်းက ၂၅၀၊ ကိုယ်ပိုင်ကျောင်းက ၂၅၀၊ International School က ၂၅၀၊ ဘုန်းတော်ကြီး စာသင်ကျောင်းက ၂၅၀ ပါ။ တစ်ရက်တည်း ကျင်းပမယ်။ မျှော်မှန်းချက်ကတော့ ကလေးတွေ တပျော်တပါး စည်းလုံးစေချင်တယ်။ တန်းတူညီညာမှု ရှိစေချင်တယ်။ ဘာမဆို အားလုံးပေါင်းလုပ်ရင် အောင်မြင်မှာပဲ၊ အဲဒီ ရည်ရွယ်ချက်တွေနဲ့ ဒီပွဲလုပ်ရခြင်း ဖြစ်ပါတယ်။
ဒေါက်တာကျော်သူထွန်း
ပုလဲစံပြကိုယ်ပိုင်အထက်တန်းကျောင်း
ဒီပွဲမှာ ဘင်ခရာနဲ့ ပန်းဖွား ကျောင်းအဖွဲ့က တီးတဲ့အတွက် ဖွင့်ပွဲအတွက် တာဝန်ယူထားရပါတယ်။ ဒီပွဲက ကျောင်း တစ်ကျောင်းတည်း ကျင်းပတာမဟုတ်ဘူး။ ကိုယ်ပိုင်ကျောင်းတွေ၊ International School ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ကျောင်း၊ အခြေခံပညာကျောင်းတွေ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေအတွက် ဇုန်တွေ အများကြီးထည့်သွင်းထားပါတယ်။ ကလေးတွေအနေနဲ့ ဘက်စုံလေ့လာ ခွင့်ရတဲ့အတွက် ဆောင်ရွက်ပေးနိုင်တဲ့သူများကို ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့ကျောင်း က ဇုန်တွေအတွက်တော့ မဟုတ်ပေမယ့် ဘာဖြစ်ဖြစ် ကျောင်းသား ကျောင်းသူတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေရမယ်။ အသိပညာတွေ၊ လေ့လာသင်ယူမှုတွေ ပူးပေါင်း ဆောင်ရွက်တတ်လာမယ်။ အခုနောက်ပိုင်း လူငယ်တွေအတွက် အခွင့်အလမ်းတွေ အများကြီး ရလာပါပြီ။ ဒီနေ့ဆိုရင်လည်း အဆိုပါ ကျောင်းတွေအားလုံး မခွဲခြားဘဲ တန်းတူပညာရေး အခွင့်အလမ်း ရတဲ့အတွက် နောက်ပိုင်းမျိုးဆက်တွေအနေနဲ့ ဒီထက် ပိုအောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
မနှင်းရွှေရည်ဝင်း
Pride International School Myanmar (PISM)
ကျောင်းကိုယ်စားပြုအနေနဲ့ လာတာပါ။ ဒီပွဲတွေလုပ်ပေးတဲ့အတွက် အတွေ့အကြုံ သစ်တွေလည်း ရပါတယ်။ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံလို့ရတယ်။ ဝမ်းသာပျော်ရွှင်ပါတယ်။ အိုင်ဒီယာတွေလည်း အများကြီး ရပါတယ်။ ဒီပွဲတွေလုပ်ပေးတဲ့အတွက် ဆန်းသစ်တဲ့ အိုင်ဒီယာတွေလည်း ရတယ်။ ဇုန်တွေ ကနေ သိပ္ပံဆန်းသစ်မှုတွေ၊ အာဆီယံနိုင်ငံတွေရဲ့ အလေ့အထတွေ အများကြီးရတဲ့အတွက် ဗဟုသုတ တိုးပွားစေပါတယ်။
တွေ့ဆုံမေးမြန်း-ဥမ္မာသန့်၊ ဓာတ်ပုံ-လှမိုး