နေပြည်တော် နိုဝင်ဘာ ၃
MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ပို့ကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း စသည့်လုပ်ငန်းများကို Digital Platform ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင်စနစ်ကဲ့သို့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခမ်းအနားသည် ဆန်စပါးကဏ္ဍကို ဒီဂျစ်တယ်အသွင်ကူးပြောင်းရန် ခြေလှမ်းအစဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအပေါ် ကောင်းသည်ထက် ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် Myanmar Rice Online (MyRO) Website မိတ်ဆက်ပွဲအခမ်းအနား(Go-Live Ceremony) နှင့် MyRO တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် MyRO Website မိတ်ဆက်ပွဲနှင့် MyRO ၌ ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်မှုစနစ် ရှင်းလင်းဆွေးနွေးပွဲသည် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင် ဖော်ထုတ်ခဲ့သော ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တောင်သူများအတွက် သီးနှံအာမခံစနစ် တည်ထောင်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒပိုင်းတည်ငြိမ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လုပ်သာကိုင်သာရှိသည့် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိရေး၊ ဝယ်ယူကြိတ်ခွဲသူများနှင့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိရေး၊ စားသုံးသူပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး၊ ပြည်တွင်းဖူလုံမှုရှိစေရေးနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပြီး ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် ၁၂ ရပ်ကို ဖော်ထုတ်ခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းပြီး သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ဆောင်ရွက်မည့် အစီအမံများရေးဆွဲခြင်း၊ မူဝါဒများချမှတ်ခြင်း၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ်ထူထောင်ခြင်း၊ အစပျိုးစမ်းသပ်ကာလ(Pilot Project)အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များကို အားပေးကူညီခြင်း စသည့်လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
Pilot Project အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စီစဉ်လျာထားဆောင်ရွက်လျက်ရှိ ပါကြောင်း၊ MyRO တွင် တောင်သူများ၊ ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပြည်ပတင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သုတေသနပညာရှင်များ၊ စားသုံးသူများအပါအဝင် ဆန်စပါးလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူများအတွက် တစ်နေရာတည်းတွင် သတင်းအချက်အလက်များ၊ ဝန်ဆောင်မှုများ၊ မှတ်ပုံတင်သည့်လုပ်ငန်းများကို လွယ်ကူရိုးရှင်းစွာဖြင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)