ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က စာသင်ကျောင်းများ၊ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ရှုတ်ချပြီး ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် ပညာသင်ကြားခွင့် အခွင့်အရေးကို အကာအကွယ်ပေးရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်အမှတ် ၂၆၀၁(၂၀၂၁) ကို တညီတညွတ်တည်း ချမှတ်ခဲ့ကြပြီးဖြစ်သည်။
စစ်ရေးဆိုင်ရာပစ်မှတ်များမဟုတ်သော ပညာရေးဆိုင်ရာနှင့် ပညာရေးအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (၄)ရပ်၏ ဘုံအာတီကယ် (၃)နှင့် နောက်ဆက်တွဲစာချုပ် (၁) ၏ အာတီကယ်(၅၂)တို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး ၎င်းအခြေခံသဘောတရားများသည် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေသဘောအဖြစ် အသက်ဝင်လျက်ရှိပါသည်။ နိုင်ငံတကာတွင် အဆိုပါလုပ်ရပ်များ ဖြစ်ပေါ်လာပါက ပြင်းထန်စွာကန့်ကွက်ပြီး ဆန့်ကျင်တိုက်ဖျက်ကြပါသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ကို KNPP နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသက်အန္တရာယ်ဇုန်မှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်အစား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည့် လူသားမဆန်သောလုပ်ရပ်ဖြစ်၍ ဝိုင်းဝန်းဆန့်ကျင် ရှုတ်ချကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက အဆိုပါဖြစ်ရပ်ဖြစ်ပွားလျှင်ဖြစ်ပွားချင်း ဆရာ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရမှုမရှိစေရေး၊ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီကယ်ထုတ်နိုင်ရေးလိုအပ်သည်များကို ဆောင်ရွက်ခဲ့သော်လည်း အကြမ်းဖက်သမားများက လူသားတံတိုင်းအကာအကွယ်ဖြင့် ပြန်လည်တိုက်ခိုက်သဖြင့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို ထိခိုက်မှုမရှိစေရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရာ အချို့ကိုသာ ပြန်လည်ကယ်ထုတ်နိုင်ပြီး အချို့မှာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။
နိုင်ငံတိုင်းနိုင်ငံတိုင်းသည် ပညာရေးကိုအခြေခံပြီး နိုင်ငံကိုတည်ဆောက်နေကြသည်။ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ဖော်ဆောင်လျက်ရှိရာတွင် မရှိမဖြစ်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိသည်။ မွေးထုတ်ပေးနေသည့် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် နိုင်ငံတော်၏အနာဂတ်ကို ပုံဖော်ကြမည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးစေလိုသည့် အသိဉာဏ်ကင်းမဲ့သော လူမဆန်သည့်လုပ်ရပ်ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစတင်၍ လူမဆန်သော အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။ ထိုလုပ်ရပ်များတွင် မြန်မာနိုင်ငံ၏ ပညာရေးပျက်စီးအောင် အခြေခံပညာကျောင်းများကို ဦးတည်တိုက်ခိုက်ခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်နိုင်စေရေး ခြိမ်းခြောက်စာများကပ်ခြင်း၊ အွန်လိုင်းမှ ခြိမ်းခြောက်ခြင်း၊ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့အပြင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကလေးငယ်များ မိုင်းစထိမှန်ခံခဲ့ရခြင်းနှင့် ပညာရေးဝန်ထမ်းအချို့ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ယခုတစ်ဖန် တက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် သတ်ဖြတ်ခံရသော ဝန်ထမ်းအချို့ရှိခဲ့သည်။
အကြမ်းဖက်အဖွဲ့များ၏ ဖြစ်စဉ်များကိုကြည့်ပါက အစိုးရကို တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ပြည်သူများအား ထိခိုက်ပျက်စီးအောင် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာ ရေး၊ ပညာရေးစသည့် ပြည်သူလူထုအကျိုးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများအား တိုက်ခိုက်နေခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ခွင့်မရနိုင်ရေးသာမက နိုင်ငံတော်၏ ပညာရေးကဏ္ဍနိမ့်ကျပျက်စီးအောင် တက္ကသိုလ်ပညာရေးကိုပါ ဖျက်ဆီးလာသည်ကို သက်သေအထောက်အထားများဖြင့် မြင်တွေ့ကြရပြီဖြစ်ရာ အားလုံးဝိုင်းဝန်း ဆန့်ကျင်ရှုတ်ချကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုလွိုင်ကော်တက္ကသိုလ် အကြမ်းဖက်ခံရမှုကြောင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အဆိုပါတက္ကသိုလ်၌ အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲများကို ရွှေ့ဆိုင်းခဲ့ရရာ ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး ဂျီနီဗာကွန်ဗန်းရှင်းဥပဒေကို ဖောက်ဖျက်ပြီး စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အဓမ္မဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံးလွတ်မြောက်ရေး အကာအကွယ်ပေးကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)