နေပြည်တော် ဇန်နဝါရီ ၁၄
နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် နှင့် ဂျပန်နိုင်ငံဇီဝမျိုးစုံမျိုးကွဲများ သုတေသနစင်တာ(Japan Wildlife Research Centre - JWRC) တို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သည့် ဇီဝမျိုးစုံမျိုးကွဲများ သုတေသန လုပ်ငန်း အထောက်အကူပြု ဇီဝပြတိုက်(Bio Museum) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ပြတိုက်အတွင်း ကျင်းပသည်။
ဖဲကြိုးဖြတ် ဖွင့်လှစ်
အခမ်းအနားတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာစန်းဝင်းနှင့် ဂျပန်နိုင်ငံ ဇီဝမျိုးစုံမျိုးကွဲများ သုတေသနစင်တာ(JWRC) မှ Dr. Sanei Ichikawa တို့က ဇီဝမျိုးစုံမျိုးကွဲများသုတေသန အထောက်အကူပြု ဇီဝပြတိုက် (Bio Museum)ကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ခေတ္တပါမောက္ခချုပ် နှင့် JWRC မှ Dr. Sanei Ichikawa တို့က အမှာစကားပြော ကြားကြပြီး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ရုက္ခဗေဒအဖွဲ့နှင့် သတ္တဗေဒအဖွဲ့မှ ဆရာ ဆရာမများက ဇီဝမျိုးစုံမျိုးကွဲများ သုတေသနပြုလုပ်ရန်အတွက် ထုတ်လုပ် ထားသည့် အထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ပြတိုက်ငယ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း)ခေတ္တပါမောက္ခချုပ် ဒေါက်တာစန်းဝင်းက “ကျွန်တော်တို့ ၁၉၉၈ ခုနှစ်က လုပ်တဲ့ Convention of Biodiversity - CBD မှာ လူငယ်တွေဟာ တဖြည်းဖြည်းနဲ့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးကို စိတ်ပါဝင်စားမှုနည်းပါးလာတာကို တွေ့ရ တယ်ဆိုတဲ့အချက်ကို ထောက်ပြခဲ့တယ်။ ဘာကြောင့် လူငယ်တွေ စိတ်ဝင်စားမှုလျော့ရလဲဆိုတဲ့အချက်ကို စစ်ဆေး ကြည့်တဲ့အခါ တိရစ္ဆာန်တွေ၊ အပင်တွေကို ထိန်းသိမ်းစောင့် ရှောက်ဖို့ သုတေသနလုပ်ဖို့အတွက် လွယ်လင့်တကူဖမ်းဆီး ဖို့အတွက် အသုံးပြုမယ့်ပစ္စည်းတွေက မရှိသလောက်ဖြစ် လာတာက အဓိကအကြောင်းရင်းတစ်ရပ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ပစ္စည်းလေးတွေ ထုတ်ပေးရမယ်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဒီပရောဂျက်ကို လုပ်လိုက်တာပါ။ ကျောင်းသူ ကျောင်းသားတွေဟာ သူတို့ရှေ့မှာ လေ့လာစရာ၊ ဖတ်စရာ မရှိဘူးဆိုရင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းဖို့ဆိုတာ ရှိမှာမဟုတ် ဘူး။ ဒီဇီဝမျိုးစုံမျိုးကွဲများသုတေသန အထောက်အကူပြု ပြတိုက်လေး ဖွင့်လိုက်ခြင်းအားဖြင့် သူတို့လေ့လာဖြစ်တဲ့ အခါကျရင် တော်တော်လေးအကျိုးရှိမယ်ထင်ပါတယ်။ ဒီပြတိုက်ဟာ ကျောင်းသားတွေရဲ့ နားနေခန်းနဲ့ ကျောင်းသား သမဂ္ဂနဲ့လည်း နီးတာဖြစ်တဲ့အတွက် သူတို့လာကြည့်ဖြစ်တဲ့ အခါ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းနည်းတွေကို သိသွားပြီးလို့ရှိ ရင် သူတို့အတွက် အကျိုးရှိမယ်။ ကျောင်းသား ကျောင်းသူ ဆိုတာ ကျွန်တော်တို့ရဲ့ အနာဂတ်ဖြစ်တဲ့အတွက် သူတို့လေး တွေမှာ ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းရမယ်ဆိုတဲ့ အသိလေး ဝင်လာရင် ကျွန်တော်တို့က ဝမ်းသာနေရမှာပါ”ဟု ပြော ကြားသည်။
အထောက်အကူဖြစ်စေရန်
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် (ရေဆင်း) နှင့် ဂျပန်နိုင်ငံ ဇီဝမျိုးစုံမျိုးကွဲများ သုတေသနစင်တာမှ ပညာရှင်များပူးပေါင်း၍ ဇီဝမျိုးစုံမျိးကွဲများ ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ၌ အထောက်အကူဖြစ်စေရန် အတွက် ရုက္ခဗေဒ၊ သတ္တဗေဒနှင့်ဆိုင်သည့် အထောက်အကူ ပြုပစ္စည်းအမျိုးပေါင်း၂၀ ကျော်ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အနာဂတ် ကျောင်းသူ ကျောင်းသားများ ဇီဝဗေဒ ကို စိတ်ပါဝင်စားလာစေရန်၊ လေ့လာသင်ယူနိုင်ကြစေရန် အတွက် သုတေသန ပြုလုပ်ထားသည့် တိရစ္ဆာန်နှင့်အပင်ဇီဝ ရုပ်ကြွင်းများနှင့် အထောက်အကူပြုပစ္စည်းများကို ယခု ကဲ့သို့ ပြတိုက်ဖွင့်လှစ် ပြသရခြင်းဖြစ်ကြောင်း ပြောကြား သည်။
သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) သည် ဂျပန်နိုင်ငံဇီဝမျိုးစုံမျိုးကွဲများ သုတေသန စင်တာအပြင် ကျိုတိုတက္ကသိုလ်၊ ဟိမဝန္တာတောင်တန်းဒေသ လက်အောက်ရှိ နိုင်ငံများ (Himalayan University Consortium – HUC)၊ ဂျာမနီနိုင်ငံ University of Sustainable Development နှင့် ဗီယက်နမ်နိုင်ငံ သစ်တော တက္ကသိုလ် စသည့် ပြင်ပအဖွဲ့အစည်းခုနစ်ခုဖြင့် ပညာရေး နှင့် သုတေနသနလုပ်ငန်းစီမံကိန်းများ ပူးပေါင်းဆောင်ရွက် ရန်အတွက် သဘောတူလက်မှတ်ရေးထိုး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇင်ဦး(မြန်မာ့အလင်း)၊ဓာတ်ပုံ - သီဟစည်သူ