Skip to main content

လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်စာအုပ် တိုင်းဒေသကြီးအဆင့် မိတ်ဆက်ခြင်းနှင့် နည်းပြသင်တန်း အခမ်းအနား ထားဝယ်မြို့၌ ကျင်းပ

ထားဝယ်    ဇန်နဝါရီ  ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံရုံး၊ ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) တို့ပူးပေါင်း ကျင်းပသော လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ် တိုင်းဒေသကြီးအဆင့် မိတ်ဆက်ခြင်းနှင့် နည်းပြသင်တန်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံသည် ဘက်စုံလွှမ်းခြုံသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှင့်အညီ ပညာရေးနယ်ပယ် ပြုပြင်ပြောင်းလဲလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းအသစ် ဆောက်လုပ်ခြင်းအတွက်“လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်”သည် စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းအစိုးရအဖွဲ့ အနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ”ကို ဖွဲ့စည်းပြီး အခြေခံပညာဦးစီးဌာ၏ စာသင်ကျောင်းများ ဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်အရည်အသွေး ပြည့်မှီစေရန် စည်းမျဉ်း၊ စည်းကမ်းများ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပါဝင်တက်ရောက်ကြမည့် သက်ဆိုင်ရာတာဝန်ခံ ကိုယ်စားလှယ်များကလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင် ပေးကြပါရန်နှင့် ရရှိလာသော လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်းဆောက်လုပ်ရေး လမ်းညွှန်ချက်များ၊ အသိပညာနှင့် အတွေ့အကြုံများကို ပြန်လည်ဆင့်ပွားကြပါရန်နှင့် မိမိတို့၏ စာသင်ကျောင်း ဆောက်လုပ်ရေး လုပ်ငန်းစဉ်များမှာ လက်တွေ့ပြန်လည် အသုံးပြုကြပါရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန် က လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်ပါ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာရမည့်အချက်အလက်များနှင့်  နောက်ဆက်တွဲပုံစံများအား သိရှိနားလည်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လက်တွေ့ ကျယ်ကျယ်ပြန့်ပြန့်  အသုံးပြုနိုင်လာစေရန်အတွက် ဆင့်ပွားသင်တန်းများ ဦးဆောင်ပြုလုပ်ပေးနိုင်ရန်၊ ပြည်နယ်အဆင့် လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင် ကျောင်း ဆောက်လုပ်ရေး လမ်းညွန်စာအုပ်နှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဦးဆောင်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကိုက်ညီသော အခြေခံပညာ စာသင်ကျောင်းများ ဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ နည်းပညာလုပ်ငန်းအဖွဲ့(ဗဟိုအဆင့်) အတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန-ဝန်ကြီးရုံး၊ လေ့လာဆန်းစစ် အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူး ဦးခင်အောင် က အမှာစကားနှင့် လုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန် စာအုပ်ဖြစ်ပေါ်လာပုံနှင့် စာအုပ်ပါ အကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး ဆွစ်သံရုံးမှ ဒေါ်ကြည်မေစိုး က လမ်းညွှန်စာအုပ်အကောင်အထည် ဖော်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်း တင်ပြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးနှင့် အခြားဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခြေခံပညာစာသင်ကျောင်း ဆောက်လုပ်ရေးနယ်ပယ်မှ ကိုယ်စားလှယ်များ၊ လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန် စာအုပ်အကောင်အထည်ဖော် အသုံးပြုနိုင်ရေး နည်းပညာလုပ်ငန်းအဖွဲ့ (SCSCG Task Force) မှ တာဝန်ခံ ကိုယ်စားလှယ်များ၊ တက်ရောက်ပြီး နည်းပြသင်တန်းကို ဇန်နဝါရီ (၁၇) ရက်နေ့အထိ ရှင်းလင်းပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင် ပြန်/ဆက်)