Skip to main content

သာယာသည့် မြို့ပြတည်ဆောက်

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၏ ပတ်ဝန်းကျင်တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း အရန်မြို့သစ်များ ပေါ်ပေါက်လာသည့်အနက် လှိုင်သာယာမြို့နယ်လည်းအပါအဝင်ဖြစ်သည်။ ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်းစသည့်မြို့နယ်များ၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်များနှင့်အတူ စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံအလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ပေါက်လာခြင်းကြောင့် အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့ဝင်ရောက်လာကြရာ မြို့သစ်များတွင် တရားဝင်ရော၊ တရားမဝင်ပါနေထိုင်ကြသူများ လူဦးရေတိုးတက်များပြားလာသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်မှုအပြီးတွင် ဧရာဝတီတိုင်းဒေသကြီးရှိ မုန်တိုင်းဒဏ်ခံရသည့် မြို့ရွာဒေသများမှ လူဦး‌ရေအမြောက်အမြား ရွှေ့ပြောင်းခဲ့ကြရာ အလုပ်အကိုင်အခွင့် အလမ်းများစွာရှိသည့် လှိုင်သာယာသို့ အများစုဝင်ရောက်နေထိုင်ခဲ့ကြသည်။ လှိုင်သာယာကို စတင်တည်ထောင်ခဲ့စဉ်က လှိုင်မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိနေခြင်းဖြစ်ပြီး မြစ်ကူးတံတားများဖြင့် ရန်ကုန်ဘက်ခြမ်းသို့ ဆက်သွယ်သွားလာနိုင်သည်။ ရန်ကုန်မြို့တွင်းမှ ကျူးကျော်အိမ်ရာများ၊ သာသနိကမြေများတွင် ဝင်ရောက်နေထိုင်သူများ စသည်တို့ကို မြို့သစ်များသို့ ပြောင်းရွှေ့နေရာချပေးခဲ့ရာတွင် မြို့ပြတစ်ခုအနေဖြင့် အားနည်းချက်များစွာရှိခဲ့သည်။ ထို့အပြင် ကျူးကျော်ဝင်ရောက်နေထိုင်သူများက လမ်းမကြီးများအထိ စည်းကမ်းမဲ့နေရာယူလာသည့်အခါ မြို့ပြပုံစံပါ ပျက်ယွင်းသွားခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် “၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိမိတို့အနေဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ တရားမဝင်နေထိုင်သူများအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး မြို့သာယာလှပရေးနှင့် စနစ်ကျနမှုရှိစေရေးကို အလေးပေးဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တရားမဝင်ကျူးကျော်နေထိုင်သူများမရှိစေရေး၊ ဥပဒေနှင့်အညီ ဖြစ်စေရေးနှင့် ပြန်လည်နေရာချထားရေးတို့တို စီမံဆောင်ရွက်ပေးသွားရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် မြို့ပြနှင့်အိမ်ရာစီမံကိန်းများ စနစ်တကျဆောင်ရွက်ရန်၊ မြို့ပြသန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်၊ စီမံကိန်းများတည်ဆောက်ရာတွင် လယ်ယာစိုက်ပျိုးမြေများ မထိခိုက်ရန်၊ အဆင့်မီဈေးများ၊ Shopping Mall များ စနစ်တကျတည်ဆောက်ရန်၊ မြို့နေလူထုလူနေမှုအဆင့်မြင့်မားရေး ပတ်ဝန်းကျင်ကောင်းဖော်ဆောင်ပေးရန်၊ ကျောင်းများကောင်းမွန်ရန်၊ ရပ်ကွက်အလိုက် အခြေခံပညာကျောင်းများရှိရန်နှင့် အားကစားကွင်းများတည်ရှိရန် စသည်ဖြင့်မြို့ပြတစ်ခုရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်းများရေးဆွဲ၍ ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ရန်ကုန်သည် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး၊ အသိပ်သည်းဆုံးဖြစ်ပြီး ဆက်လက်၍လည်း ဝင်ရောက်နေထိုင်လာမှုများ ရှိနေသည်။ ယာဉ်စီးရေကလည်း တိုးပွားလာလျက်ရှိရာ ယာဉ်ကြောကျပ်တည်းမှု၊ ကားရပ်နားရန်နေရာရှားပါးမှုပြဿနာများ ကြုံတွေ့နေရသည်။ မိုးရာသီတွင်ရေစီးရေလာပြဿနာများ၊ အမှိုက်စွန့်ပစ်မှုပြဿနာများ၊ စွမ်းအင်နှင့်ရေ/သန့်ရှင်းရေး စသည်တို့အပါအဝင် နေရာထိုင်ခင်းလိုအပ်ချက်များ စသည်ဖြင့် ကြီးထွားလာနေသည့် မြို့ကြီးနှင့်အတူ မြို့ပြဆိုင်ရာစိန်ခေါ်မှုများကလည်း လိုက်ပါကြီးထွားလျက်ရှိနေသည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ရန်မှာ နိုင်ငံ၏စီးပွားရေးကောင်းမွန်မှုနှင့် မြို့ပြပြည်သူလူထု၏ စည်းကမ်းရှိမှု၊ တာဝန်ရှိအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုကောင်းမွန်မှုနှင့် တာဝန်ကျေပွန်မှုတို့က အဓိကလိုအပ်ချက်များပင်ဖြစ်ရာ ကိုယ်စီတာဝန်ကျေပွန်ကြပါမှ မြို့ပြသာယာလှပနိုင်မည်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)