လူမှုဘဝလောကကို တည်ဆောက်ရာ၌ ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်သည်။ ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး အကောင်းဆုံးတည်ဆောက်ကြသည်။ ပညာရေးကဏ္ဍတွင် ဆရာ၊ ကျောင်းသား၊ ကျောင်းဟူ၍ ရှိရာ၌ ဆရာသည် အဓိကအကျဆုံးကဏ္ဍဖြစ်သည်။ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသကဲ့သို့ ထူးချွန်ထက်မြက်သောဆရာများ၏ စွမ်းပကားဖြင့် ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံကို တည်ဆောက်ကြရမည်ဖြစ်သည်။
စစ်တမ်းများအရ မြန်မာနိုင်ငံ၏လူဦးရေ ၈၅ ရာခိုင်နှုန်းခန့်သည် သာမန်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသူများဖြစ်သည်ဟု သိရသည်။ လူတစ်ဦးချင်းအလိုက် ဝင်ငွေနည်းပါးခြင်းကို အကြောင်းပြုသည်ဆိုသော်လည်း ပညာရေးအားနည်းချက်များလည်း ပါဝင်နေသည်။ “ဆရာကောင်းမှ မွေးထုတ်ပေးသည့် တပည့်ကောင်းများဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုပြီး အရည်အသွေးမြင့်သည့် ပညာကွင်းဆက်ဖြစ်အောင် စဉ်ဆက်မပြတ် ပုံဖော်ဆောင်ရွက်ကြရန်” နိုင်ငံတော်အကြီးအကဲ၏ ဇန်နဝါရီလ ၁၃ ရက်နေ့က တိုက်တွန်းချက်ကို သတိပြုမိသည်။
မြန်မာနိုင်ငံ၌ ပညာသင်ကြားရေးကို ဆောင်ရွက်ကြရာတွင် သာမန်ပြည်သူ ကျောင်းသား၊ ကျောင်းသူအများစုသည် သင့်လျော်ရာကျောင်းများတွင် ပညာသင်ကြားပြီးနောက် လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်သွားကြသည်။ မြို့ပြများတွင် အထူးသဖြင့် ကျောင်းကောင်း၊ ဆရာကောင်းများရှိရာ ပညာဌာနများကို ရွေးချယ်ကြသည်။ အချို့တတ်နိုင်သူများအနေဖြင့် နိုင်ငံတကာကျောင်း၊ နိုင်ငံရပ်ခြားကျောင်းများတွင် ပညာသင်ကြားကြသည်။ ထို့ကြောင့် နိုင်ငံလူဦးရေအများစုသည် သင့်လျော်ရာကျောင်းတွင် ပညာသင်ကြားပြီးနောက် သင့်လျော်ရာအလုပ်များကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။
ယခင်က အဆင့်မြင့်ပညာရပ်များကို ရန်ကုန်၊ မန္တလေးမြို့ကြီးများ၌သာ ပညာသင်ကြားခဲ့ကြရာမှ နောင်တွင် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ပညာရပ်များကို သင်ကြားပေးနိုင်သောတက္ကသိုလ်များ တည်ဆောက်ပေးခဲ့ပြီး မိမိတို့ဒေသများ၌ သင်ကြားနိုင်ရေးအတွက် အထူးဒေသဇုန် ၁၄ ခု၌ တက္ကသိုလ်များ ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် အချို့တက္ကသိုလ်များ၌ ပညာသင်ကြားမှုနည်းပါးသည်ကို တွေ့ရသဖြင့် အဓိကလိုအပ်သည့် ဘာသာရပ်များနှင့် မဖြစ်မနေသင်ကြားရမည့် ဘာသာရပ်များကို ဦးစားပေးသင်ကြားနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကဦးစားပေးသည့်နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်များ နည်းပါးနေသေးကြောင်းတွေ့ရသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အလားတူ စက်မှုနည်းပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များကိုအခြေခံ၍ စက်မှုပိုင်းဆိုင်ရာ နည်းပညာများကို အသုံးပြုပြီး ကုန်ထုတ်လုပ်မှုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်။
သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် ပိုလီတက်ကနစ်နည်းပညာများ(Polytechnic)ကို သင်ကြားနိုင်ရေးရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ရရှိလာမည်ဖြစ်သည်။ လိုအပ်သည့်ဆရာများ၊ သင်ထောက်ကူပစ္စည်းများနှင့် အဆောက်အအုံများ ဖြည့်ဆည်းပေးနေသည်။ တက္ကသိုလ်၊ ကောလိပ်များကို အဆင့်မြှင့်တင်ပေးခြင်းသည် အနာဂတ်တွင် သက်ဆိုင်ရာ ပညာရပ်အလိုက် ကျွမ်းကျင်သည့်ပညာရှင်များ မွေးထုတ်ပေးရေးဖြစ်သည်။
အရည်အချင်းပြည့်မီသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးကို ကောင်းမွန်သည့် အထောက်အပံ့ကောင်းများ ဖြစ်စေနိုင်သည်။ နိုင်ငံတော်အတွက် အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလိုသည့်စိတ်ဖြင့် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပြီး အရည်အချင်းပြည့်ဝသည့် ဆရာများဖြစ်လာစေရေး လေ့လာဆည်းပူးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုသည်။ တစ်ဦးချင်းစွမ်းရည်များ တိုးတက်လာပါက မိမိဘဝတိုးတက်ရေးအတွက် ထိုက်သင့်သည့် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်မှာ တက္ကသိုလ်ပညာများသင်ကြားပြီး လူမှုစီးပွားဘဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သူများဖြစ်စေရေး ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်စေရေးနှင့် ၎င်းတို့၏ဘဝတစ်လျှောက် ကောင်းမွန်မှန်ကန်စွာ လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းအပ်ပါကြောင်း။ ။