နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိ/မရှိ ချိန်ထိုးသုံးသပ်ဆောင်ရွက်ပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve” ဆိုသည့်အတိုင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားပြုသဖြင့် စပါးစိုက်ပျိုးမှု၌ ပြီးခဲ့သည့် မိုးရာသီကာလက တစ်နိုင်ငံလုံး လယ်စပါးစိုက်ဧက ၁၃ ဒသမ ၁၇ သန်း စိုက်ပျိုးခဲ့ပြီး ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၇၄ ဒသမ ၈၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ တစ်နိုင်ငံလုံး စုစုပေါင်းစပါးစိုက်ပျိုးမှုမှာ ၁၄ ဒသမ ၉ သန်းရှိပြီး ပျမ်းမျှအထွက်နှုန်း ၇၃ ဒသမ ၁၁ သန်း ဖြစ်သည်။ မိုးစပါးစိုက်ပျိုးမှုပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၁၀၀ ဖြစ်၍ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လိုအပ်ချက်များရှိနေသည်။
စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလေးနည်းကို စနစ်တကျဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးအထွက်နှုန်း ကောင်းမွန်မည်ဖြစ်သည်။ အထွက်နှုန်းကောင်းသည့်မျိုးများဖြင့် စိုက်ပျိုးရန်လိုပြီး မြေပြုပြင်ရာတွင်လည်း စနစ်တကျဆောင်ရွက်ရန်လိုသည်။ ကောင်းမွန်သောမြေဩဇာများ ရရှိရေးအတွက်လည်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို စနစ်တကျ အသုံးပြုရန်လိုအပ်သည်။ နိုင်ငံတော်အစိုးရ ယခုတာဝန်ယူနေသည့်ကာလ မိုးတွင်းကာလများတွင် စိုက်ပျိုးရေးကို ထိခိုက်စေနိုင်သည့် ရေပြတ်လပ်မှုများမရှိပေ။ သို့သော် စိုက်နည်းစနစ်မှန်ကန်စွာဖြင့် ကောက်ကွက်များပြည့်မီအောင် စိုက်ပျိုးရန် လိုအပ်ချက်ရှိခဲ့သည်။
စပါးစိုက်ပျိုးရာတွင် ကြဲပက်၍ စိုက်ပျိုးမည့်အစား အနည်းဆုံးတိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြရန် လိုအပ်သည်။ နည်းလေးနည်းကို စနစ်တကျ အသုံးချ၍ စပါးအပြင် ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ၊ နှစ်ရှည်ပင်များဖြစ်သည့်ကော်ဖီနှင့် ရော်ဘာစိုက်ပျိုးခြင်းတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်တွင် နေထိုင်ကြပြီး တစ်နိုင်ငံလုံး၏ လူဦးရေ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြသဖြင့် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကမောင်းနှင်အားများရှိသည်။
အဓိကမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ နိုင်ငံ့ GDP တိုးတက်လာမည် ဖြစ်သည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME လုပ်ငန်းများအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး နိုင်ငံတော်အနေဖြင့် စဉ်ဆက်မပြတ် အားပေးမြှင့်တင်လျက်ရှိသည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးပြီး နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များဖြင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာအောင် ဆောင်ရွက်ကြရန်လိုသည်။ ကုန်ထုတ်ပစ္စည်းများ တိုးတက်ထွက်ရှိမှသာ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားမှုများ အားကောင်းလာမည်ဖြစ်သည်။ သို့မှသာ ဆက်စပ်နှီးနွှယ်နေသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေရေးကြေးရေးလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများကြား၌ နိုင်ငံ့ GDP နည်းပါးနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ့ GDP မြင့်မားတိုးတက်လာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြီးခဲ့သည့်စီမံကိန်းကာလကို ဆန်းစစ်ကြည့်မည်ဆိုပါက လုပ်ငန်းများ အောင်မြင်တိုးတက်အောင် ဖိဖိစီးစီးကြိုးစားလုပ်ကိုင်ရန် လိုအပ်နေသေး ကြောင်း တွေ့ရသည်။ နိုင်ငံတော်အစိုးရက သက်ဆိုင်ရာကဏ္ဍအလိုက် တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကုန်ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်အသီးသီး၌လည်း အားလုံးတက်ညီလက်ညီ အလုပ်လုပ်ကြရန်လိုအပ်သည်။ ရည်မှန်းချက်အတိုင်း ထွက်ရှိမှုရှိ/မရှိ၊ တိုးတက်မှုရှိ/မရှိ ချိန်ထိုးသုံးသပ်ဆောင်ရွက်ပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve” ဆိုသည့်အတိုင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။