Skip to main content

အမျိုးသားရေးတာဝန်ဖြင့် မူးယစ်တိုက်ဖျက်

ယခုရက်သတ္တပတ်ကာလအတွင်း မြန်မာ့ပင်လယ်ပြင်တွင် ငွေကျပ် ၃၆ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၄၅ တန်၊ ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ငွေကျပ် ၄ ဒသမ ၉၄၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်းကျော်နှင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှ ငွေကျပ် ၁ ဒသမ ၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်းကျော် ဖမ်းဆီးရမိသည့်သတင်းများ ကြားသိခဲ့ရပါသည်။

ဤမျှများပြားသော မူးယစ်ဆေးဝါးများကို ရက်ပိုင်းအတွင်း ဖမ်းဆီးရမိလိုက်သဖြင့် လူငယ်လူရွယ်များနှင့် မိသားစုပတ်ဝန်းကျင်သို့ ကျရောက်လာနိုင်သည့် အန္တရာယ်ဆိုးကို တားဆီးလိုက်နိုင်ပေသည်။ မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်ဖောက်ကားမှုများသည် မြန်မာနိုင်ငံအတွက်သာမက အခြားနိုင်ငံများအတွက်ပါ အန္တရာယ်ကြီးမားသည်ကို လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရပေသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ခေတ်အဆက်ဆက်အစိုးရများက အမျိုးသားရေးအသွင်ဖြင့် တိုက်ဖျက်နှိမ်နင်းလျက်ရှိသည့်ကြားမှ အဆက်မပြတ်ဖမ်းဆီးရမိလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရှင်သန်ကြီးထွားနေသော မူးယစ်ဆေးဝါးပြဿနာသည် ကိုလိုနီအုပ်ချုပ်ရေးစနစ်၏ ဆိုးမွေအဖြစ် ကျန်ရစ်ခဲ့သည့် ဘိန်းစိုက်ပျိုးခွင့်၊ သုံးစွဲခွင့်ပြုသဖြင့် ရရှိခဲ့သည့်အမွေဆိုးဖြစ်သည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို လွတ်လပ်ရေးရသည်နှင့်တစ်ပြိုင်နက် ဦးစားပေးတိုက်ဖျက်ခဲ့သော်လည်း ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုများနှင့် ယနေ့ထက်တိုင်ရောယှက်နေသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများမှာ အမြစ်မပြတ်နိုင်ဘဲ ရှိနေခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်သဖြင့် ပိုမိုအရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်။

၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဗြိတိသျှနယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရာ ကိုလိုနီနယ်ချဲ့စနစ်ဆိုး၏ ဆိုးမွေအားလုံးကို မြန်မာပြည်သူတစ်ရပ်လုံးခံစားခဲ့ကြရသည်ကို အားလုံးအသိပင်ဖြစ်သည်။ ခံစားခဲ့ရသည့်ဆိုးမွေများထဲတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့ထက်ထိ ခံစားနေရသောဆိုးမွေများမှာ လက်နက်ကိုင်ပဋိပက္ခများ၊ ဘိန်းသုံးစွဲမှု၊ ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုများဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား သိမ်းပိုက်ပြီးနောက် အိန္ဒိယနိုင်ငံတွင် ပြဋ္ဌာန်းခဲ့သည့် ၁၈၇၈ ခုနှစ် ဘိန်းအက်ဥပဒေကို ၁၉၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြဋ္ဌာန်းခဲ့သည်။

သို့သော် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အာဏာသက်ရောက်ခြင်းမရှိပေ။ ရှမ်းပြည်နယ်တွင် လူတစ်ဦးလျှင် ဘိန်း ၂၅ တိုလာ (၂၉၂ ဂရမ်) လက်ဝယ်ထားခွင့်ပြုခဲ့သဖြင့် ဘိန်းစွဲသူဦးရေ တိုးပွားလာခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် ဘိန်းဆိုင်ပေါင်း ၂၁၆ ဆိုင်ဖွင့်လှစ်ပြီး မှတ်ပုံတင်ဘိန်းစွဲသူများအား တရားဝင်ရောင်းချစေခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်တွင် နယ်စပ်ဒေသတောင်ပေါ်တိုင်းရင်းသားများ အခက်အခဲမရှိအောင် လျှော့ပေါ့ပေးခဲ့သော်လည်း မူးယစ်ဆေးဝါးပြဿနာမှာ တစ်နေ့ထက်တစ်နေ့ကြီးထွားလာသဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်တားဆီး၊ တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ခဲ့သည်။

၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးများကို အဆက်မပြတ်ဆောင်ရွက်ခဲ့ရာ တပ်မတော်သားအမြောက်အမြား၏ အသက်ခန္ဓာများ စွန့်လွှတ်ပေးဆပ်ပြီး ထိရောက်စွာနှိမ်နင်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများရောင်းဝယ်ဖောက်ကားမှု တားမြစ်ပိတ်ပင်သည့် ၁၉၈၈ ခုနှစ် ကွန်ဗင်းရှင်းစာချုပ်ဝင်အဖြစ် ၁၉၉၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင်လည်းကောင်း၊ ကုလသမဂ္ဂ၏ ၁၉၇၁ ခုနှစ် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ စာချုပ်အဖွဲ့ဝင်အဖြစ် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင်လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။

ထို့အပြင် အိမ်နီးချင်းနိုင်ငံအချို့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်များ၊ အစီအစဉ်များတွင် သဘောတူလက်မှတ်ရေးထိုးပြီး နိုင်ငံအချင်းချင်းနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ မူးယစ်ဆေးဝါးပြဿနာသည် မြန်မာနိုင်ငံသာမက နိုင်ငံအများကြုံတွေ့နေရသောပြဿနာအဖြစ် ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် အရှိန်အဟုန်မြှင့်တင် ဆက်လက်တိုက်ဖျက်လျက်ရှိပါကြောင်း။      ။