Skip to main content

ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ

မြန်မာနိုင်ငံတွင် ပြည်သူတို့၏ မျှော်မှန်းသက်တမ်းမှာ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းများအရ အမျိုးသား ၆၃ ဒသမ ၄ နှစ်၊ အမျိုး သမီး ၇၂ ဒသမ ၂ နှစ်ဖြစ်ပြီး ပျမ်းမျှသက်တမ်း ၆၇ ဒသမ ၇ နှစ်ဖြစ်သည်။ ယင်းအခြေအနေသည် အရှေ့တောင်အာရှနိုင်ငံများတွင် အနိမ့်ဆုံးအခြေအနေဖြစ်သည့်အလျောက် ပြည်သူများ၏ မျှော်မှန်းသက်တမ်းပိုမိုမြင့်မားလာစေရန် အခြေခံကျန်းမာရေးကောင်းမွန်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်စားသောက်ကြရေး၊ ရောဂါများကြိုတင်ကာကွယ်ရေးနှင့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာမြင့်မားလာစေရေးဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်။

ယခုနှစ် (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်)တွင် ကျင်းပသွားမည်ဖြစ်ပြီးညီလာခံ၏ ဦးတည်ချက်ခေါင်းစဉ်(Theme)မှာ “ခိုင်မာပြီး သုတေသနကျင့်ဝတ်နှင့် ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ - Enhancing Research Integrity and Research Ethics” ဖြစ်သည်ဟု သိရသည်။ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများကို ကျင်းပခြင်းအားဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ကာကွယ်ရေးနှင့်ကုသရေးဆိုင်ရာ ပညာရပ်များတိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် သုတေသနတွေ့ရှိချက်များကို လက်တွေ့အသုံးချမည့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးပြီး အသိပညာဖလှယ်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၁၉၆၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ညီလာခံကျင်းပသည့် အစောပိုင်းနှစ်များတွင် သုတေသနစာတမ်းများ တင်သွင်းဖတ်ကြား ဆွေးနွေးခြင်းကိုသာ ဆောင်ရွက်ခဲ့သော်လည်း ၁၉၉၁ ခုနှစ်မှစ၍ သုတေသန ပိုစတာပြပွဲ၊ ၂၀၀၂ ခုနှစ်မှစ၍ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ဆွေးနွေးပွဲ (Symposium)တို့ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းပါဝင်လာခဲ့သလို ၁၉၉၃ ခုနှစ်မှစ၍ အကောင်းဆုံးစာတမ်းဆု၊ အကောင်းဆုံးပိုစတာဆုများ၊ ၂၀၁၀ ပြည့်နှစ်မှစ၍ လူငယ်သုတေသီဆုများချီးမြှင့်၍ သုတေသနအရည်အသွေးများ တိုးတက်ကောင်းမွန်လာစေရန် အပြိုင်အဆိုင်ကြိုးပမ်းလာကြစေရေး၊ မျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက် လာစေရေး ဂုဏ်ပြုအားပေးခဲ့သည်။ အကြိမ်ပေါင်း ၅၀ ကျော် ကျင်းပခဲ့ပြီးဖြစ်သည့် ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကြီးများမှ ထွက်ပေါ်လာသည့် သုတေသနစာတမ်းများ၊ သုတေသနပိုစတာများနှင့် Symposium များက နိုင်ငံတော်နှင့် ပြည်သူများအတွက် များစွာအကျိုးပြုနိုင်ခဲ့သည်။

ယခုကျင်းပမည့်(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် အခြေခံသုတေသနစာတမ်း (Basic Research) ၂၃ စောင်၊ အသုံးချသုတေသနစာတမ်း (Applied Research) ၂၂ စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း (Health Systems Research) ၁၃ စောင်နှင့် သုတေသနပိုစတာ ၅၁ စောင်တို့ကို တင်သွင်း၊ ဖတ်ကြား၊ ပြသသွားမည်ဖြစ်ပြီး ဆေးဝါးသစ်များ ဖော်ထုတ်ရေး၊ ကူးစက် ကပ်ရောဂါများအတွက် ကြိုတင်ပြင်ဆင်ရေး၊ မကူးစက်နိုင်သည့် ရောဂါများထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးစသည်တို့ အပါအဝင် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည့် အကျိုးရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်တစ်ခုဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကို အကောင်အထည်ဖော်ရာတွင် ကျန်းမာရေးသုတေသနလုပ်ငန်းများဖြင့် မြန်မာပြည်သူများ၏ မျှော်မှန်းသက်တမ်း ပိုမိုမြင့်မားလာစေရန် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ပါစေကြောင်း။ ။