လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးနေသည့် UID (Unique Identification Number) ဆိုသည်မှာ နိုင်ငံသားစမတ်ကတ်ပြုလုပ်နိုင်ရန် ယာယီထုတ်ပေး သည့် EID Slip ဖြစ်ပြီး ပြည်ပသို့ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် ထုတ်ပေးနေသည်။ Mobile Team များ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာတွင်လည်း UID နံပါတ် ထုတ်ပေးခြင်းကိုပါ အခမဲ့ဆောင်ရွက် ပေးလျက်ရှိသည်။
ပြည်သူလူထု၏ လုံခြုံရေးနှင့်လူမှုဘဝမြှင့်တင်ရေးတို့အတွက် e-ID စနစ်ကို အကောင်အထည်ဖော်လျက်ရှိရာ အီလက်ထရောနစ်နည်းပညာဖြင့် နိုင်ငံအတွင်း နေထိုင်သူတစ်ဦးချင်းစီ ၏ ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) ကို ကောက်ယူ၍ UID နံပါတ်ဂဏန်း ၁၀ လုံး သတ်မှတ်ထုတ်ပေးလျက်ရှိသည်။ e-ID ကို အကောင်အထည်ဖော်ခြင်းအားဖြင့် ပြည်သူများ၏ လူမှု စီးပွားရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ လျင်မြန်လာစေရန်၊ နိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့်တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်၊ အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်တို့ကို ရည်ရွယ်သည်ဟု သိရသည်။
UID ကတ်ထုတ်ပေးခြင်းသည် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ နိုင်ငံအတွင်း နေထိုင်သည့် အသက် ၁၀ နှစ် နှင့်အထက်ရှိသူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ရသူ(PR)၊ ပြည်တွင်းအမြဲနေ အခွန်ဆောင်နိုင်ငံခြားသားများ အပါအဝင်အားလုံးကို ထုတ်ပေးနေခြင်းဖြစ်သည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများမှာ နိုင်ငံကူးလက်မှတ် (Passport) နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား(Oversea Worker Identification Card-OWIC) လျှောက်ထားသည့်အခါတို့တွင် UID နံပါတ်လိုအပ်ခြင်းကြောင့် မဖြစ်မနေလုပ်ထားကြရမည်ဖြစ်ရာ ရုံးပြင်ကနား ကြောက်တတ်သူများအတွက် ကြားပွဲစားများပေါ်လာသည်။ UID နံပါတ်ရရှိရေး ပွဲစားခသည် သောင်းဂဏန်းမှသည် သိန်းဂဏန်းတို့အထိရှိနေကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင်တွေ့ရှိနေရာ သက်ဆိုင်ရာဌာနအပေါ် ပြည်သူအများ အထင်အမြင်လွဲမှားစရာပင်ဖြစ်သည်။
UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူများသို့ အသိပေးကြေညာချက်နှင့် ပြည်ပထွက်ခွာလိုသူ ပြည်သူများ သို့ အသိပေးကြေညာချက်တို့ ထုတ်ပြန်လိုက်ရာအကြောင်း အမျိုးမျိုးကြောင့် UID နံပါတ်ရယူလိုသူ ပြည်သူများ၊ ပြည်ပသို့ထွက်ခွာလိုသည့်ပြည်သူများ သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများ သို့ လူကိုယ်တိုင်သွားရောက်ဆောင်ရွက်ကြရန်၊ ကြားပွဲစားများနှင့်ဆက်သွယ်၍ UID နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း၊ UID နံပါတ် ရရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာန၏ facebook စာမျက်နှာ www.facebook.com/ eIDDept မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ ပါဝင်သည်။
UID နံပါတ်ထုတ်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ သွေးအုပ်စု၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည့်အချက်အလက်များနှင့် ဇီဝဆိုင်ရာ အချက်အလက်များဖြစ်သည့် မျက်နှာသွင်ပြင်၊ လက် ၁၀ ချောင်း လက်ဗွေ၊ မျက်စိသူငယ်အိမ်တို့ကို ပေါင်းစပ်ကောက်ယူခြင်းဖြစ်ရာ သက်ဆိုင်ရာလဝကမြို့နယ်ရုံးသို့ ကာယကံရှင်ကိုယ်တိုင် မသွားမဖြစ်သွားရောက်ကြရမည်ဖြစ်ကြောင်းနှင့် အခက်အခဲများ၊ ငွေကြေးတောင်းခံမှုများဖြစ်ပေါ်ပါက အထက်ဖော်ပြပါ လူမှုကွန်ရက်စာမျက်နှာမှဆက်သွယ်၍ တိုင်ကြားဆောင်ရွက်ကြရန် နှိုးဆော်အသိပေးလိုက်ရပါကြောင်း။