နိုင်ငံတစ်နိုင်ငံ၏ ပထဝီနိုင်ငံရေးအခြေအနေသည် နိုင်ငံရေးအပေါ်တွင် မူတည်သည်ဟုဆိုသော်လည်း ထိုနိုင်ငံ၏ အရင်းအမြစ် သယံဇာတပစ္စည်းများအပေါ်တွင်လည်း အဓိကအကြောင်းခံပေသည်။ မြန်မာနိုင်ငံအနေဖြင့် ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့သည့် အကြောင်းရင်းများရှိသည့်အနက် နယ်ချဲ့တို့က မြန်မာနိုင်ငံ၏တွင်းထွက် သယံဇာတပစ္စည်းများကို မျက်စိကျရာမှဖြစ်ပေါ်ခဲ့သည့် အထောက်အထားများရှိသည်။
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ တိုးတက်ကောင်းမွန်သော စီးပွားရေးအခြေအနေနှင့် သယံဇာတအရင်းအမြစ်များအပေါ်မူတည်၍ ဖြစ်ပေါ်နေသော အခြေအနေများကို တွေ့ရမည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်ဧပြီလ ၂၂ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံ့စီးပွားရေးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် မြေခံရေခံကောင်းများနှင့် လူသားအရင်းအမြစ်များ ရှိပြီးဖြစ်ကြောင်း၊ သို့သော်စီးပွားရေးပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက်နေခြင်းများကြောင့် အခက်အခဲအချို့ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွားပိုမိုတိုးတက်ကာ ငွေတန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် သယံဇာတပစ္စည်းများ ပေါများကြွယ်ဝပြီး စိုက်ပျိုးရေးကို အဓိကအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် သယံဇာတထွက်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို အဓိကထားပြီး ပြည်တွင်း/ ပြည်ပသို့တင်ပို့လျက်ရှိသည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေသည့် တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကြောင့် နိုင်ငံ၏ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အနှောင့်အယှက်အဟန့်အတားများများစွာ ဖြစ်ပေါ်လျက်ရှိသည်။
နည်းလမ်းအမျိုးမျိုးဖြင့် တရားမဝင်ကုန်သွယ်မှုအခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နိုင်ငံ၏အခွန်ဘဏ္ဍာများ များစွာဆုံးရှုံးခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွားရေးကဏ္ဍအပေါ် အပြုသဘောမဆောင်သော၊ တရားမဝင်ပြုလုပ်သော သက်ရောက်မှုများစွာရှိနေခြင်း၊ တရားဝင်ပို့ကုန်ပမာဏကျဆင်းပြီး နိုင်ငံခြားသုံးငွေဝင်ရောက်မှု ကျဆင်းစေခြင်း၊ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ငွေပေးချေမှုများပြုလုပ်နေခြင်းကြောင့် မှောင်ခိုငွေကြေးဈေးကွက် ဖြစ်ပေါ်စေခြင်း၊ နိုင်ငံတော်၏ ရငွေ/သုံးငွေ စာရင်းအမှန်များတွက်ချက်ရန် အခက်အခဲများဖြစ်ပေါ်စေခြင်းနှင့် အကျိုးဆက်အားဖြင့် မှန်ကန်သည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေးအပေါ် အဟန့်အတား အနှောင့်အယှက်ဖြစ်စေခြင်း၊ ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဥပဒေစိုးမိုးရေးအပေါ်ထိခိုက်မှုများရှိခြင်း၊ ဝန်ထမ်းများ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုကို တွန်းပို့စေကာ အကျင့်စာရိတ္တပျက်ပြားသည့် လမ်းကြောင်းပေါ်မှ အုပ်ချုပ်ရေးယန္တရားကို ထိခိုက်စေနိုင်သည့် အကြောင်းအချက်များစွာရှိသည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ တရားမဝင်ကုန်သွယ်မှုကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အရပ်ရပ်သော ငွေကြေးဆုံးရှုံးမှုများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်ထရီလီယံကျော်ခန့်ရှိပြီး စိုက်ပျိုးရေးထုတ်ကုန်ဆိုင်ရာ တရားမဝင်ကုန်သွယ်မှု တန်ဖိုးမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၀ မှ ၄၀ ဘီလီယံကြားနှင့် တရားမဝင်ဆေးဝါးများကြောင့် ကလေးသူငယ်များ အသက်ဆုံးရှုံးရခြင်းအပြင် တရားမဝင်ဓာတုဆေးဝါးများကြောင့်လည်း သဘာဝသယံဇာတများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေကာ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာကို ခြိမ်းခြောက်လျက်ရှိသည်ဟု ဖော်ပြထားသည်။ အာဆီယံဒေသတွင်း၌လည်း တရားမဝင်ကုန်သွယ်မှုများ မြင့်တက်လာခြင်းသည် အစိုးရများနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ငွေကြေးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေသည့်အပြင် ဇီဝမျိုးစုံမျိုးကွဲများ၊ လူ့အသက်များနှင့် လူ့အခွင့်အရေးများကို သိသိသာသာထိခိုက်လာစေကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့ကို ထိခိုက်ပျက်ပြားအောင် ပြုလုပ်လာမှုများသည် တရားမဝင်ကုန်သွယ်မှုနှင့်စီးပွားရေး အမြတ်ထုတ်မှုများ တိုးတက်ဖြစ်ပေါ်လာစေသည့် အကြောင်းတရားများဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ ပြည်တွင်း/ပြည်ပမှ နိုင်ငံရေး၊ စီးပွားရေး ထိုးနှက်တိုက်ခိုက် မှုများသည် ပြည်တွင်းစီးပွားရေးကို ထိခိုက်စေနိုင်သောအချက်များဖြစ်၍ တိုင်းပြည်စီးပွားတိုးတက်ကောင်းမွန်စေရန်အတွက် တရားမဝင်ကုန်သွယ်မှုနှင့် စီးပွားရေးပြုလုပ်မှုများကို နိုင်ငံတော်အစိုးရက ကြိုးပမ်းတိုက်ဖျက်မှုများတွင် အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းပါဝင်လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။