Skip to main content

မြန်မာမုဒိတာဖောင်ဒေးရှင်း စာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

သနပ်ပင်   ဇန်နဝါရီ    ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ် ကျွန်းကြီးကျေးရွာတွင် မြန်မာမုဒိတာ ဖောင်ဒေးရှင်း အမှတ်(၆) စာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် ပြည်သူလူထုတွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျွန်းကြီး အ.ထ.က ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆို၍  ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာမုဒိတာဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့မှ မြန်မာမုဒိတာ ဖောင်ဒေးရှင်းမှ လှူဒါန်းသော အမှတ်(၆) ပညာဘဏ်တိုက် စာကြည့်တိုက်အား  ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။   ဆက်လက်၍  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ညိုပြာ၊ မုဒိတာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးတင်မောင်နိုင်တို့မှ စာကြည့်တိုက်များ ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြေားကြားခဲ့သည်။ ဆက်လက်၍ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သနပ်ပင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများကို ပြည်သူများ သိရှိစေရန် အသိပညာပေး ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသည့် ကျွန်းကြီးကျေးရွာအုပ်စု၊ ကျုံပါကျေးရွာအုပ်စု၊ သနတ်တန်းကျေးရွာအုပ်စု၊ ညောင်ပင်စု ကျေးရွာအုပ်စု၊ အောက်တကဲ ကျေးရွာအုပ်စု၊ အောက်သောင်ကျေးရွာအုပ်စု၊ ကျူချောင်းကျေးရွာအုပ်စု၊ ဝဲပြန်ကျေးရွာ၊ ရွှေလှေ ကျေးရွာများမှ ဒေသခံပြည်သူများ က ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လမ်းတံတားများ တည်ဆောက်ပေးရေး၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ပေးရေး၊ လျှပ်စစ်မီး ရရှိရေး စသည့် ဒေသအတွက် လိုအပ်နေသည့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို တင်ပြတောင်းဆိုကြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။

ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးညွန့်ရွှေမှ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်း ပြောကြားပြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ ကျေးရွာအုပ်စုများအတွင်းရှိ အခြေခံပညာကျောင်းများအတွက် အားကစားပြုလုပ်ရန်ဘောလုံးများကို မြို့နယ် ပညာရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမိုး(သနပ်ပင်)