ကျောက်မီးသွေး၊ ရေနံစသည့် ရုပ်ကြွင်းလောင်စာများ သုံးစွဲမှု စတင်ခဲ့သည့် ၁၉ ရာစုအလယ်ကာလနှင့် နှိုင်းယှဉ်ပါက ယနေ့ကမ္ဘာကြီးသည် ပိုမိုပူပြင်းလာပြီဖြစ်သည်။ ယခု ၂၀၂၄ ခုနှစ်သည် ကမ္ဘာတစ်ဝန်း အပူချိန် စံချိန်တင်အမြင့်ဆုံးနှစ်ဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာတစ်ဝန်း ကြုံတွေ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ယခင်က မဖြစ်ပေါ်ခဲ့ဖူးသည့်ပုံစံဖြင့် ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှုဘေးအန္တရာယ်များကို မြို့နယ်အများအပြား၌ ကြုံတွေ့ခဲ့ကြရသည်။ ထိုစဉ်က တောင်တရုတ်ပင်လယ်ပြင်တွင် “ရာဂီ” တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းတိုက်ခတ်ကာ မြန်မာနိုင်ငံသို့ အဖျားခတ်ချိန်နှင့် တိုက်ဆိုင်စွာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်မှုနှင့် နှစ်ခုဆုံပြီး မကြုံစဖူး ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ကြရသည်။
ယခုလည်း “ရာဂီ” တိုင်ဖွန်းမုန်တိုင်း၏ လမ်းကြောင်းအတိုင်း “ရင်ရှင်း (Yin Xing) ” အမည်ရှိ တိုင်ဖွန်းမုန်တိုင်းသည် နိုဝင်ဘာ ၇ ရက်တွင် ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ပြီး အနောက်နှင့် အနောက်မြောက်ဘက်သို့ ဦးတည်လျက်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။ လက်ရှိမြန်မာနိုင်ငံအပေါ်တွင် လေအေးစီးကြောင်းနှင့် လေနွေးစီးကြောင်းထိတွေ့မှုကြောင့် မိုးရွာသွန်းနေချိန်ဖြစ်သောကြောင့် ယခုဖြစ်စဉ်တွင်လည်း ရာဂီမုန်တိုင်းဖြစ်စဉ်အတိုင်း ဖြစ်လာနိုင်ခြေကို သတိထားကြရတော့မည်ဖြစ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေး၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် “ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံတကာမိုးလေဝသခန့်မှန်းဌာနများ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း နိုဝင်ဘာလ ၈ ရက်မှ ၁၇ ရက်အတွင်း ရွာသွန်းမြဲအောက်နှင့် ရွာသွန်းမှု အနည်းငယ်သာရှိမည်ဟု ခန့်မှန်းထားသော်လည်း မိမိတို့ဘက်မှ ထပ်မံ၍ ရာဂီမုန်တိုင်းအဖျားခတ်မှုဖြစ်စဉ်ကဲ့သို့ ထပ်မံမဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်ရာတွင် ယခင်က မဖြစ်ခဲ့ဖူးသည့် ပုံစံမျိုးဖြစ်ပေါ်ခြင်း၊ ပိုမို၍ ကြမ်းတမ်းစွာ ဖြစ်ပေါ်ခြင်း၊ ပိုမို၍ အကြိမ်ရေများများ ဖြစ်ပေါ်ခြင်းများ ကြုံတွေ့လာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြားထားခဲ့ကြရာ ပြီးခဲ့သည့်လပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုတွင် အင်အားအလွန်ပြင်းထန်သည့် ဟာရီကိန်းမုန်တိုင်းကြီးသုံးခု ရက်သတ္တနှစ်ပတ်ခန့်ခြား၍ တိုက်ခတ်ခဲ့ခြင်းနှင့် စပိန်ရေဘေးတို့အပါအဝင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုများကို ကမ္ဘာ့သတင်းများတွင် မိမိတို့တွေ့ရှိ သိမြင်ခဲ့ကြရပြီး ဖြစ်သည်။ သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေမြင့်မားသည့် နိုင်ငံများတွင် ပါဝင်သည့် မိမိတို့နိုင်ငံအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ကာကွယ်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးသို့ လျှော့ချနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။
သဘာဝဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းသည် ထိခိုက်ပျက်စီးမှုအနည်းဆုံးသို့ လျှော့ချနိုင်မည်ဖြစ်ရာ ဒေသတွင်းနေ ပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန်လိုသည်။ ပွဲမဝင်မီ ပြင်ကကျင်းပ၍ ဇာတ်တိုက်လေ့ကျင့်ခြင်းအားဖြင့် သဘာဝဘေးနှင့် အမှန်တကယ်ရင်ဆိုင်ကြုံတွေ့ချိန်တွင် စနစ်တကျ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်လာနိုင်ဖွယ်ရှိသည့် သဘာဝဘေးကို ရင်ဆိုင်နိုင်ရန်အတွက် မိုးလေဝသသတင်းများကို မျက်ခြည်မပြတ် စောင့်ကြည့်နားထောင်ခြင်း၊ ဘေးအန္တရာယ်သတိပေး နှိုးဆော်ချက်များကို သတိပြုလိုက်နာဆောင်ရွက်ခြင်း၊ ဒေသအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြခြင်းဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးအထိ လျှော့ချနိုင်ကြပါစေကြောင်း။ ။