Skip to main content

မှန်မှန်ကန်ကန် ကျေကျေပွန်ပွန်

ကမ္ဘာပေါ်ရှိ နိုင်ငံကြီးငယ်ဟူသမျှတို့သည် မိမိတို့နိုင်ငံ အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက်ကြီးပွားရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် နိုင်ငံအလိုက် ကျင့်သုံးလျက်ရှိသည့် နိုင်ငံရေးစနစ်နှင့် ကိုက်ညီသည့်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်တည်ဆောက်ကြရသည်။ နိုင်ငံ၏ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်၊ နိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေ၊ အချိန်အခါတို့အပေါ်တွင် မူတည်ကာ စီးပွားရေးမော်ဒယ်၊ စီမံကိန်းမော်ဒယ်များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ကြခြင်းပင်ဖြစ်သည်။

အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် စီးပွားရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီမံကိန်းများဖြစ်စေရန်၊ မှန်ကန်သည့်မူဝါဒများ ချမှတ်နိုင်ရန်တို့အတွက် မှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များ ရရှိရန်လိုသည်။ ပြည်တွင်းစီးပွားရေးအင်အားစုများကို စနစ်တကျ ခွဲဝေအသုံးပြုနိုင်ရေးနှင့် ဆီလျော်ညီညွတ်မှုရှိသလို ဖြစ်နိုင်ခြေလည်းရှိမည့် ဆုံးဖြတ်ချက်များ တိတိကျကျချမှတ်၍ စီးပွားရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ရာ ကိန်းဂဏန်းများ၊ အချက်အလက်များ မှန်ကန်မှုမရှိပါက စီမံကိန်းတစ်ခုလုံး အဟောသိကံဖြစ်ပြီး ဆုံးရှုံးမှုလည်း ကြီးမားနိုင်သည်။ မိမိတို့နိုင်ငံတွင် အတိတ်ကာလက ဗဟိုဦးစီးစနစ်ဖြင့် နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော်ခဲ့ရာတွင် အောင်မြင်မှုမရရှိခဲ့သည်များအနက် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာမရရှိခဲ့ခြင်းသည်လည်း အခြေခံအကြောင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့သည်ကို သင်ခန်းစာယူကြရမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ဒီဇင်ဘာ ၃ ရက် က ကျင်းပရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်အမှာစကားပြောကြားခဲ့ရာ နိုင်ငံတွင် စီးပွားရေးတိုးတက်မှုနည်းပါးနေသေးသည့် အခြေအနေနှင့်စပ်လျဉ်း၍ “ ကိန်းဂဏန်းအချက်အလက်များအရ အောင်မြင်မှုများဖြင့် ကျေနပ်နေ၍မရဘဲ လက်တွေ့မြေပြင်၌လည်း အမှန်တကယ်တိုးတက်အောင်မြင်မှုရှိရန်လိုကြောင်း၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုမရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲရာတွင် မှားယွင်းမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စီးပွားရေးရာဝန်ကြီးများနှင့် စီမံကိန်းရေးဆွဲရေးဌာနများအနေဖြင့် စီမံကိန်းများရေးဆွဲရာတွင် လက်တွေ့ကျသည့် စီမံကိန်းနှင့် ပြည်သူကို အမှန်တကယ်အကျိုးပြုနိုင်သည့် စီမံကိန်းများဖြစ်စေရေး စနစ်တကျအသေးစိတ်တွက်ချက်ရေးဆွဲရန်လိုကြောင်း၊ မြေပြင်အခြေအနေမှန်များကို လေ့လာသုံးသပ်ပြီးမှသာ ဆောင်ရွက်ရန်လိုကြောင်း” ပြောကြားခဲ့သည်။

စီးပွားရေးစီမံကိန်းများကို ရေးဆွဲရာတွင် ပစ္စုပ္ပန်အခြေအနေနှင့် အနာဂတ်အတွက် မျှော်မှန်းချက်များကို ရည်မှန်းချက် သို့မဟုတ် လျာထားချက် (Objective or Target ) များ ထားရှိခြင်း၊ အဆိုပါရည်မှန်းချက် သို့မဟုတ် လျာထားချက်များကို ဖော်ပြရာတွင် ကဏ္ဍအလိုက်ရည်မှန်းချက်များကို ကိန်းဂဏန်း အရေအတွက် အတိအကျ၊ အချိန်ကာလနှင့်တကွ ဖော်ပြခြင်း၊ စီးပွားရေးမော်ဒယ် (Economic Model) တည်ဆောက်ခြင်း၊ စိစစ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု (Analysis and Coordination) နှင့် စပ်လျဉ်း၍ Planning Process တစ်ရပ်ကို စနစ်တကျချမှတ်ထားရှိခြင်း၊ အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဟူသည့်အချက်များ ပြည့်စုံရန်လိုအပ်သည်ဟု ပညာရှင်တို့က မိန့်ဆိုသည်။ သို့ဖြစ်ရာ စီးပွားရေးစီမံကိန်းများကို စနစ်တကျ ရေးဆွဲပြဋ္ဌာန်းရာတွင် ခိုင်မာမှန်ကန် ပြည့်စုံသည့်အခြေခံ ကိန်းဂဏန်းအချက်အလက် (Data) များနှင့် စာရင်းအင်းကိန်းဂဏန်းအချက်အလက် (Statistic) များရရှိမှသာ နိုင်ငံ၏ ပကတိအခြေအနေမှန်နှင့် လိုက်လျောညီထွေမှုရှိပြီး အမှန်တကယ်အကောင်အထည်ဖော်နိုင်သည့် စီးပွားရေးစီမံကိန်းများ ကို ရေးဆွဲနိုင်မည်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြရာ၌ မိမိတို့ကဏ္ဍအလိုက် ကျရာတာဝန်များကို ကျေပွန်အောင် မှန်မှန်ကန်ကန် ထမ်းဆောင်နိုင်ကြဖို့ပင်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် ကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရှိအပ်ပြီး စိစစ်မှုအလျှင်းကင်းမဲ့သော၊ မှန်ကန်ခိုင်မာမှုမရှိသော ကိန်းဂဏန်းအချက်အလက်များဖြင့် အထက်အဆင့်ဆင့်သို့ အစီရင်ခံသည့် လုပ်ရပ်မျိုးကို ရှောင်ကြဉ်ကာ ကျရာတာဝန်ကျေပွန်ခြင်းဖြင့် မှတ်ကျောက်တင်ခံကြရပါမည့်အကြောင်း။ ။