Skip to main content

ရုပ်ရှင်နမူနာ တည်းဖြတ်မှုဆိုင်ရာ ဟောပြောပို့ချ

ရန်ကုန် ဇန်နဝါရီ ၂၀

 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲနှင့် ရန်ကုန်ရုပ်ရှင် သင်တန်းကျောင်းတို့ ပူးပေါင်း၍ ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်ရေးစင်တာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေမည့် အစီအစဉ်တစ်ရပ်အဖြစ် ရုပ်ရှင်နမူနာတည်းဖြတ်မှု ဆိုင်ရာ ဟောပြောပို့ချခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာ ရပ်ဝန်းရှိ ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။

အဆိုပါ အစီအစဉ်တွင်  သြစတြေးလျနိုင်ငံမှ Postproduction ကြီးကြပ်သူ၊ ရုပ်ရှင်တည်းဖြတ်နည်းပြ Ms.Fiona Strain က ဟောပြောပို့ချပြီး အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများနှင့်  ရုပ်ရှင် ဇာတ်လမ်း၊ ဇာတ်ညွှန်း တည်းဖြတ်ခြင်းလုပ်ငန်းကို စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

Ms.Fiona Strain သည် နိုင်ငံရေး၊ ဖြစ်ရပ်မှန်မှုခင်းများ၊ အနုပညာ၊ ကလေး ရုပ်မြင်သံကြား၊ ဟာသ ဇာတ်လမ်းများ အစရှိသည့် ဇာတ်လမ်းတို၊ ရုပ်မြင်သံကြား ဇာတ်လမ်းနှင့် မှတ်တမ်းရုပ်ရှင်များကို တည်းဖြတ်သည့် အယ်ဒီတာတစ်ဦး ဖြစ်သည်။ သူမတည်းဖြတ်ခဲ့သည့် ရုပ်ရှင်များသည် သြစတြေးလျ နိုင်ငံ၏ နာမည်ကျော်ကြားသော Australian Film Institute Awards မှ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် ဇာတ်လမ်း တွဲဆုနှင့် ATOM Awards မှ အကောင်းဆုံး ကလေး ရုပ်မြင်သံကြား ဇာတ်လမ်း တွဲဆုအပါအဝင် သြစတြေးလျနိုင်ငံ၏ အခြား ရုပ်ရှင်ဆုများစွာ ချီးမြှင့်ခြင်းခံခဲ့ရပြီး ရုပ်ရှင်ပွဲတော်များ တွင်လည်း ပြသခဲ့သည်။ Ms.Fiona Strain သည် ရုပ်ရှင်တည်းဖြတ်ခြင်းပညာကို Australian  Film Television and Radio School တွင် ခြောက်နှစ်သင်ကြားခဲ့သည်။ ယခုလက်ရှိတွင်   Australian Screen Editor’s Guild (ASE) ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။

 

သတင်း၊ ဓာတ်ပုံ-ရီရီမြင့်