Skip to main content

အကုသလဟိတ်သုံးပါး ဒုစရိုက်မှုများမှ ရှောင်ကြဉ်

လူတို့၏ ရှင်သန်စဉ်ဘဝတာကာလအတွင်း စိတ်သဘာဝအလျောက် မွေ့လျော်ကျက်စားသည့် အာရုံတို့ကို အကြောင်းပြု၍ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို ပြုလုပ်လျက်ရှိကြသည်။ ကုသိုလ်တရားဟူသည် အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးပေးခြင်းလက္ခဏာတို့ရှိ၍ အကုသိုလ်တရားတို့ကမူ အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသောအကျိုးပေးခြင်းဟူသည့် လက္ခဏာတို့ရှိကြသည်။

ဟေတုပစ္စယောဟူသော ပဋ္ဌာန်းတရားတော်အရ အလောဘ၊ အဒေါသ၊ အမောဟဟူသော ကုသိုလ်ဟိတ်သုံးပါးတို့သည် ကောင်းမွန်သောစိတ်၊ စေတသိက်နှင့် စိတ္တဇရုပ်ဖြစ်သည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကို ဖြစ်ပေါ်စေသကဲ့သို့ လောဘ၊ ဒေါသ၊ မောဟဟူသော အကုသိုလ်ဟိတ်သုံးပါးတို့သည် ယုတ်ညံ့သောစိတ်၊ စေတသိက်နှင့် စိတ္တဇရုပ်ဖြစ်သည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကိုဖြစ်ပေါ်စေသည်။ ကုသိုလ်ဟိတ်သုံးပါးတို့သည် လူ့ဘဝတွင် ကြုံကြရသည့် အပူဓာတ်၊ အလောင်ဓာတ်တို့ကို ငြိမ်းအေးစေပြီး လူနတ်ဗြဟ္မာစသော သုဂတိဘုံမှသည် နိဗ္ဗာန်သို့ရောက်သည်အထိ သယ်ဆောင်ပို့ပေးနိုင်သည်။ အကုသိုလ်ဟိတ်သုံးပါးတို့မှာမူ သတ္တဝါတို့အား လောင်မြိုက်စေသည့် ကိလေသာမီးများပင်ဖြစ်သည့်အလျောက် လူတို့၏သန္တာန်၌ စွဲထင်နေဆဲအခိုက်မှာပင် စိတ်ကိုညစ်နွမ်း ပူလောင်စေသလို ရုပ်ခန္ဓာကိုလည်း ပင်ပန်းဆင်းရဲစေသည်။ အသွင်သဏ္ဌာန် ဟန်ပန်အမူအရာအားဖြင့် ခက်ထန်ကြမ်းကြုတ်သည့်အလျောက် ပတ်ဝန်းကျင်ကိုပါ ချောက်ချားတုန်လှုပ်စေသည်။ ဘဝများစွာသံသရာကို ရှည်လျားစေကာ အပါယ်ဘုံသို့ ဆွဲချစေနိုင်သည့်တရားများပင်ဖြစ်သည်။

ဘဝများစွာက ပြုခဲ့သည့် ကုသိုလ်ဟိတ်တို့၏ ကျေးဇူးပြုမှုကြောင့် ရုပ်တရား၊ နာမ်တရားတို့နှင့် ဖွဲ့စည်းထားသည့် သတ္တဝါများအနက် ယခုဘဝတွင် လူဟူသောအဖြစ်ကို ရရှိလာခြင်းဖြစ်ရာ ရခဲလှသည့် လူ့ဘဝ၊ အရတော်လှသည့် လူ့ဘဝကို တန်ဖိုးထားကြရန်လိုသည်။ တန်ဖိုးရှိသည့် လူတစ်ဦးအနေဖြင့် ကမ္ဘာလောကကြီး၏ အကျိုးကိုသယ်ပိုးရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုး၏ အကျိုးကိုသယ်ပိုးရန်၊ မိမိကိုယ်ကို မြှင့်တင်ရန်ဟူသည့် လူသားတာဝန်များကို မိမိတို့စွမ်းနိုင်သမျှ ကျေပွန်ကြရမည်လည်းဖြစ်သည်။ လောဘ၏ သဘော၏ လိုချင်တပ်မက်မောခြင်းဖြစ်ပြီး ရလာသည့်အခါတွင်လည်း အလိုပြည့်သည်ဟူ၍မရှိ။ ငွေသိန်းတစ်ရာပိုင်ဆိုင်သူသည် သိန်းတစ်ထောင်ပိုင်ဆိုင်လို၏။ သိန်းတစ်ထောင်ရလာလျှင်လည်း တင်းတိမ်ဦးမည်မဟုတ်။ နောက်ထပ်သိန်းထောင်ပေါင်းများစွာ၊ သန်းထောင်ပေါင်းများစွာ၊ ဘီလီယံပေါင်းများစွာစသည်ဖြင့် အဆုံးမရှိပိုင်ဆိုင်လိုကြပြန်သည်။ သို့ဖြစ်ရာ လောင်စာထင်းများ ဘယ်လောက်ထည့်ထည့် အတောမသတ်လောင်ကျွမ်းသည့် မီးဖိုကြီးနှင့်တူသော လောဘ၏သဘောကို စောကြောကာ တရားမဲ့လောဘတို့ကို ထိန်းကွပ်ငြှိမ်းသတ်ကြရမည်ဖြစ်သည်။

ဒေါသသည် ခက်ထန်မာန်စောင်ခြင်း၊ ပုတ်ခတ်ညှင်းဆဲလိုခြင်း၊ သည်းခံခွင့်လွှတ်မှုခေါင်းပါးခြင်း၊ သောကဗျာပါဒနှင့် ပူဆွေးဝမ်းနည်းခြင်းသဘောရှိပြီး၊ မောဟတရားကမူ အသိဉာဏ်ပညာကင်းမဲ့ခြင်း၊ တွေဝေမိုက်မဲခြင်း၊ ကုသိုလ်၊ အကုသိုလ်ဟူ၍ ခွဲခြားနိုင်စွမ်းမရှိခြင်း၊ လောဘနှင့် ဒေါသတို့ကို ဦးစီးခေါင်းဆောင်ခြင်းဟူသည့် သဘောများရှိသည်။ မောဟက ဦးဆောင်ကာ လောဘနှင့် ဒေါသတို့က အကောင်အထည်ဖော်သည့် မကောင်းမှုဒုစရိုက်အမှုများကိုလည်းကောင်း၊ မကောင်းမှုဒုစရိုက်ပြုသူတို့၏ ပျက်စီးမှုတို့ကိုလည်းကောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတင်းများ၌ မိမိတို့မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီးဖြစ်သည်။

ဥပဒေသဘောအရ မကောင်းမှုဟူသည် စိတ်ကွယ်ရာမရှိသကဲ့သို့ တရားသဘောအရလည်း မကောင်းမှုအကုသိုလ်တို့၏ တန်ပြန်အကျိုးပေးမှုမှာ ယခုဘဝတွင်ရော၊ နောင်သံသရာ၌ပါ အရိပ်ပမာလိုက်ပါလျက် ရှောင်လွှဲမရခံစားကြရမည်ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟတို့၏ အပြစ်သဘောကို ဆင်ခြင်ကြကာ အကုသိုလ်၊ ဒုစရိုက်အမှုတို့ကို အနည်းငယ်မျှပင်မပြုဘဲ ရှောင်ကြဉ်နိုင်ကြပါစေကြောင်း။ ။