Skip to main content

အရည်အချင်းရှိသည့် ပညာတတ် အရေအတွက်များစွာ ပြုစုပျိုးထောင်

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ၏ပညာရေးသည် ပထမ၊ ပညာရေးသည် ဒုတိယ၊ ပညာရေးသည် တတိယ အရေးအကြီးဆုံးဖြစ်သည်ဟု ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့သူ တိုနီဘလဲက ပြောခဲ့ဖူးသည်။ ထိုစကားသည် ရွေးကောက်ပွဲအတွက် မဲဆွယ်ရန်ပြောသည့် စကားဟုဆိုစေကာမူ မှတ်သားလောက်စရာလည်းဖြစ်သည်။ ပညာရေးကဏ္ဍကိုအာရုံစိုက်၍ အလေးအနက်ထားရင်းနှီး မြှုပ်နှံခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။

ပစ္စုပ္ပန်ကာလ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ (The Lowest Developing Country) များစာရင်းမှ လွတ်မြောက်ရန် ကြိုးပမ်းနေရဆဲဖြစ်သည်။ ယင်းသို့သောအခြေအနေတွင် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ကို စဉ်ဆက်မပြတ်တိုးတက်အောင် မြှင့်တင်ပေးနိုင်မှသာလျှင် ထိုသူများက နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်တည်ဆောက်သွားနိုင်ကြမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအမြစ်၊ သယံဇာတအရင်းအမြစ်နှင့် လူသားအရင်းအမြစ်တို့ လိုအပ်သည့်အနက် အခြေခံအကျဆုံးအရင်းအမြစ်မှာ လူသားအရင်းအမြစ် ဖြစ်သည်။ ကောင်းစွာပြုစုပျိုးထောင်ထားသည့် လူသားအရင်းအမြစ်ကသာလျှင် ကျန်သည့်အရင်းအမြစ်တို့ကို ကောင်းစွာအသုံးချပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်သွားနိုင်မှာဖြစ်သည်ဟု ပညာရှင်တို့က မိန့်ဆိုထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိကအားနည်းချက်မှာ လူသားအရင်းအမြစ်ကို တန်ဖိုးမြင့်မားလာအောင် မြှင်တင်နိုင်မှုအားနည်းခြင်းနှင့် ထိထိရောက်ရောက် အသုံးမပြုနိုင်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

မိမိတို့နိုင်ငံတွင် ပညာသင်ကြားသည့်အရွယ်လူငယ်များမှာ အခြေခံပညာပြီးဆုံးသည်အထိဆိုလျှင် အသက် ၁၈ နှစ်အရွယ်အထိသင်ကြားကြရပြီး အဆင့်မြင့်ပညာ ပြီးဆုံးသည်အထိဆိုလျှင် အသက် ၂၂ နှစ်မှ ၂၅ ခန့်အထိဖြစ်ရာ နိုင်ငံ၏ မျှော်မှန်းလူ့သက်တမ်းနှင့်ယှဉ်ပါက ဘဝ၏သုံးပုံတစ်ပုံကို ပညာသင်ကြားမှုတွင် အချိန်ပေးခဲ့ကြရခြင်းဖြစ်သည်။ ပညာသင်ယူမှုပြီးဆုံးချိန်တွင် ထိုလူငယ်များအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းနည်းပါးခြင်း တစ်နည်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို နိုင်ငံအတွက် ထိရောက်စွာစီမံခန့်ခွဲမှု၊ အသုံးချမှုမပြုလုပ်နိုင်ခြင်းက လူငယ်များကို ပညာသင်ယူမှုလမ်းခုလတ်တွင် ပညာရေးကို စွန့်ခွာသွားစေပြီး လတ်တလောဝင်ငွေ ရှာဖွေနိုင်မည့်ဘက်သို့ ရောက်ရှိသွားစေသည်။ လူ့သက်တမ်း၏ သုံးပုံတစ်ပုံကို ပညာရေးအတွက် အချိန်နှင့်ငွေကြေးတို့ အကုန်အကျခံပြီး သင်ယူမှုမပြုတော့ဘဲ အဆင့်နိမ့်လူသားအရင်းအမြစ်အဖြစ် ရောက်ရှိသွားခြင်းက ကာယကံရှင်အတွက်ရော၊ နိုင်ငံအတွက်ပါ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသည်။

“ပညာတတ် နိုင်ငံသားများအများဆုံးရှိနေသည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံး နိုင်ငံကြီးများအဖြစ် ရပ်တည်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမည်ဖြစ်ကြောင်း၊ “ပညာတတ်” နိုင်ငံသားများဆိုသည်မှာ “အရည်အချင်း”ကို ဆိုလိုပြီး “အများဆုံး” ရှိသည်ဆိုသည်မှာ “အရေအတွက်” ကိုဆိုလိုကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည်လည်း အရည်အချင်းရှိသည့် ပညာတတ်များ အရေအတွက် အများကြီးရှိသည့်နိုင်ငံဖြစ်လာရန် လိုအပ်သည်မှာ ပေါ်လွင် ထင်ရှားနေကြောင်း၊ အရည်အသွေးအာမခံမှုရှိစေရန် ရလဒ်အခြေပြုပညာရေးစနစ် (Outcome- based Education) ကို ပီပြင်စွာအကောင် အထည်ဖော်ရန်လိုအပ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ရာ ကျောင်းသားဗဟိုပြုသင်ကြား သင်ယူမှုစနစ်ဖြင့် ကျောင်းသားများ နိုးကြားတက်ကြွသည့် (Active Learning) ဖြစ်အောင် သင်ကြားလေ့ကျင့်ပေးကြရမည်ဖြစ်သည်။

စာသင်ကျောင်းများသည် စာပေပညာသင်ကြားရုံသာမက ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာတတ်စေရန် လေ့ကျင့်ပေးသည့်နေရာ၊ နိုင်ငံကြီးသား အလေ့အကျင့်အပြုအမူများ ကိန်းအောင်းလာစေရန် ပျိုးထောင်ပေးသည့် ရပ်ဝန်းများအဖြစ် အလေးအနက်ရပ်တည်ကာ နိုင်ငံအတွက်အရည်အချင်းပြည့်ဝသော လူသားအရင်းအမြစ်များ အရေအတွက်ပမာဏများပြားစွာ လေ့ကျင့်ပျိုးထောင် ထုတ်လုပ်ပေးသွားကြရပါမည့်အကြောင်း။ ။