တရုတ်-မြန်မာနှစ်နိုင်ငံသည် ပထဝီမြေအနေအထားအရ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေသည်။ သမိုင်းမှတ်တမ်းများအရ ခရစ်နှစ် ၉၀၁ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးစတင်ခဲ့သည်။ လူမျိုးအရ၊ ယဉ်ကျေးမှုအရ ထို့ထက်မက ရှည်လျားသောဆက်နွှယ်မှုသမိုင်းကြောင်းရှိသည်။ နှစ်ပေါင်းထောင်ချီဆက်ဆံရေးနှင့် ရှည်လျားသောနယ်နိမိတ်ထိစပ်မှုအရ နှစ်နိုင်ငံအကြား ခိုင်မာသည့်ဆက်ဆံရေးထူထောင်ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေး စသည့်ဆက်ဆံရေးများ ထူထောင်နိုင်ခဲ့သည်။
ရှေးနှစ်ပေါင်းများစွာကတည်းကရှိလာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုအပေါ်အခြေခံပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံလာမှုကြောင့် နှစ်နိုင်ငံကြုံတွေ့လာသည့် အရေးကိစ္စများတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖေးမကူညီခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံစတင်ထူထောင်မှုအပေါ် အာရှတိုက်တွင် ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သည့်အလျောက် ထိုအချိန်ကတည်းက ရပ်တည်ခဲ့သည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း ယနေ့အချိန်အထိ ခိုင်ခိုင်မာမာ ရပ်တည်ထောက်ခံလျက်ရှိသည်။ ၁၉၅၄ ခုနှစ်တွင် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့လာရောက်ချိန်က ပူးတွဲကြေညာနိုင်ခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်သည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းအတွက် မှတ်တိုင်တစ်ခုဖြစ်သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ၏ တရားဝင်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ထူထောင်နိုင်ခဲ့သောကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ပေါင်း ၇၅ နှစ် စိန်ရတုကာလသို့ပင် ရောက်ရှိပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ယခုကဲ့သို့ ရှည်လျားသည့်သမိုင်းကြောင်းများနှင့် နှစ်နိုင်ငံဆက်ဆံရေးဖြစ်ထွန်းမှု၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန် ယခု ၂၀၂၅ ခုနှစ်မှစတင်၍ တရုတ်နှစ်သစ်ကူးနေ့ကို နိုင်ငံတော်၏ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက်သဘောထားများကို အလေးထားအသိအမှတ်ပြုခြင်း၊ တရုတ်နိုင်ငံ၏ ရေရှည်ကိုမြော်တွေးပြီး နိုင်ငံပေါင်းစုံပါဝင်သည့် စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို အလေးအနက်ထောက်ခံခြင်းလည်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တစ်ပါတည်းဖွံ့ဖြိုးတိုးတက်စေရန် BRI စီမံကိန်းများ အကောင်အထည်ဖော်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံနှင့်လည်း မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့်စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခင်းအကျင်းများဖော်ဆောင်ပြီး တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အကြီးအကဲ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် ဆွေးနွေးစဉ် တရုတ်ဝန်ကြီးချုပ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ်အတွင်း အတည်ပြုဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ အပြည့်အဝထောက်ခံကူညီအားပေးမည့်အချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ်ထောက်ခံပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံရေးယုံကြည်မှုအရ ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားမည့်အချက်များစသည်တို့ကို ထပ်လောင်းအတည်ပြုဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု စသည်တို့ တိုးတက်ဖြစ်ထွန်းကောင်းမွန်လာသည်ကို မလိုလားကြသည့် ပြည်တွင်း၊ ပြည်ပမှအဖွဲ့များက နည်းလမ်းမျိုးစုံအသုံးပြုပြီး သွေးခွဲနေသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်-မြန်မာနှစ်နိုင်ငံ ရှေးနှစ်ပေါင်းများစွာကတည်းက ဖြစ်တည်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ရေကိုသား အကြားမထင်သလို မည်သည့်နည်း၊ မည်သည့်လုပ်ရပ်နှင့်မဆို ပျက်ပြားအောင်မပြုလုပ်နိုင်သည်ကို သက်သေပြဖို့လိုသည်။ သို့ဖြစ်ရာ တရုတ်-မြန်မာနှစ်နိုင်ငံကို ခိုင်မာသည့်အိမ်နီးချင်းကောင်း၊ ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် နှစ်နိုင်ငံဆက်ဆံရေးပြယုဂ်အမှန်များကို ထုတ်ဖော်ပြသ၍ သက်သေထူရမည်ဖြစ်ပါကြောင်း။ ။