ဩဇာအာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူတို့၏ အဂတိလိုက်စားမှုများက နိုင်ငံ့တာဝန်ကို ယူထားရသည့်အစိုးရအဖွဲ့အစည်းနှင့် ဦးဆောင်သူတို့အပေါ် အများပြည်သူတို့၏ ယုံကြည်မှု၊ အားထားမှုတို့ကို ကျဆင်းစေသည်။ ဩဇာအာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူဟုဆိုရာတွင် အောက်ခြေအနိမ့်ဆုံးမှသည် အဆင့်မြင့်တာဝန်ယူထားရသူများအထိပါဝင်ပြီး အဂတိလိုက်စားမှုများနေရာဌာနများစွာတို့တွင် ပျံ့နှံ့နေသည့်အခါ ပြည်သူများက လူမှုစနစ်နှင့် လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်သိက္ခာ တန်ဖိုးထားမှုများအပေါ်တွင်ပါ အကောင်းမြင်ရန် ခက်ခဲလာစေသည်။
မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံများစွာတို့တွင် ရှင်းရခက်သော ဟောင်းနွမ်းအိုမင်းနေသည့် ပြဿနာအဖြစ်ရပ်တည်နေသည့် အဂတိလိုက်စားမှုမှာ လူ့ယဉ်ကျေးမှုသမိုင်းတစ်လျှောက်တွင်ပါ ဒွန်တွဲပါရှိလာသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ ရောမအင်ပါယာကြီး ပြိုလဲပျောက်ကွယ်သွားရခြင်းတွင် မူလအကြောင်းရင်းဖြစ်ကြောင်း ကမ္ဘာ့သမိုင်းတွင် တွေ့ရှိနိုင်သကဲ့သို့ မိမိတို့နိုင်ငံသမိုင်းတွင်လည်း အဂတိလိုက်စားမှုများအကြောင်းကို တွေ့ရှိနိုင်သည်။ အဂတိလိုက်စားမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အခြေအနေ၊ အချိန်အခါ၊ နေရာဌာနကိုလိုက်၍ ဖွင့်ဆိုချက်များ တစ်သမတ်တည်းမရှိ ကွဲပြားခြားနားမှုများရှိသော်လည်း လူအများစုအနေဖြင့်မူ အဂတိလိုက်စားမှုသည် ကျင့်ဝတ်နှင့်မကိုက်ညီခြင်း၊ လောဘကြီးခြင်း၊ ရိုးဖြောင့်မှုမရှိခြင်း၊ ထင်သာမြင်သာမရှိခြင်း၊ ဖုံးကွယ်ထားခြင်း၊ ဥပဒေနှင့်မညီခြင်း စသည်တို့နှင့် ဆက်စပ်ရှုမြင်ကြသည်။
အဂတိလိုက်စားမှုသည် လူပုဂ္ဂိုလ်အဆင့်အတန်း အမျိုးမျိုး၊ နယ်ပယ်ကဏ္ဍအသီးသီးတို့တွင် ဖြစ်ပေါ်နေကြခြင်းဖြစ်ပြီး သက်ရောက်မှုအနေဖြင့်လည်း လွန်စွာကျယ်ပြန့်သည်။ မိမိတို့တွေးနိုင်၊ မြင်နိုင်သည်ထက်ပင် များစွာပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုများ ဖြစ်ပေါ်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရာတွင် အဂတိလိုက်စားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ အများပြည်သူကဏ္ဍတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း၊ ထိရောက်အကျိုးရှိသော ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ တရားဥပဒေစိုးမိုးရေးကို သေချာခိုင်မာစေခြင်း စသည့်ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ရပ်ကို မြှင့်တင်သွားရမည်ဖြစ်သည်။
အဂတိလိုက်စားမှုနှင့် အုပ်ချုပ်မှုတို့အကြား အပြန်အလှန်ဆက်စပ်မှုရှိရာ ညံ့ဖျင်းသောအုပ်ချုပ်ရေးသည် အဂတိလိုက်စားမှုဖြစ်ပေါ်စေရန် ကြီးမားသောအခွင့်အလမ်းဖြစ်စေပြီး အဂတိလိုက်စားမှုများက ကောင်းမွန်သောအုပ်ချုပ်ရေးဖြစ်ပေါ်မှုကို အဟန့်အတားဖြစ်စေသည်ဟုဆိုသည်။ ယခုအခါ မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အသိပညာပေးမှုများ ပြုလုပ်နေသကဲ့သို့ အဂတိလိုက်စားမှုများနှင့်စပ်လျဉ်း၍ သတင်းပေးတိုင်ကြားမှုများပြုလုပ်နိုင်ရန် အခွင့်အလမ်းများဖွင့်ပေးထားခြင်း၊ မီဒီယာများမှနေ၍ အခါအားလျော်စွာ အသိပေးခြင်းများပြုလုပ်လျက်ရှိသည်။ သို့ဖြစ်ရာ ပြည်သူများအနေဖြင့် အဂတိလိုက်စားမှုများကို အားမပေးရန်၊ သက်ဆိုင်ရာဌာနများမှ ဝန်ဆောင်မှုများရယူရာတွင် လာဘ်ပေးလာဘ်ယူမှုများ မပြုလုပ်ရန်၊ ငွေကြေးနှင့် တံစိုးလက်ဆောင် လာဘ်ပေးလာဘ်ယူမှုပြုရန် နည်းလမ်းစုံဖြင့် ဖန်တီးမှု၊ ဖိအားပေးမှုများရှိပါကလည်း ဥပဒေနှင့်အညီ နည်းလမ်းတကျတိုင်ကြားရန်လိုသည်။
မိမိတို့နိုင်ငံသည် အရေးပေါ်ကာလအခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရပြီး နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူ နေ့စဉ်ဘဝလုံခြုံရေး၊ ရပ်ရွာများအတွင်း တရားဥပဒေ စိုးမိုးရေးတို့အတွက် နိုင်ငံတော်နှင့် ပြည်သူတို့ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်နေရချိန်ဖြစ်သည့်အလျောက် ကောင်းသောအုပ်ချုပ်ရေးကို မထိပါးစေရေး အဂတိလိုက်စားမှုများကို ထိရောက်စွာတားဆီးတိုက်ဖျက်ကြရပါမည့်အကြောင်း။ ။