သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း အကျယ်အဝန်း ၃၂၇ ဧကရှိ “ရှိမ္မကားတောရကြီးကျောင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်မှစတင်၍ သတ်မှတ်လိုက်သည့် မင်းတုန်းမင်းတရားကြီးက မူလပထမရွှေကျင်ဆရာတော်ကြီးထံ လှူဒါန်းခဲ့သည့် အဆိုပါနယ်မြေသည် မျိုးသုဉ်းရန်အန္တရာယ်ရှိသော သတ္တဝါများရှင်သန်ကျက်စားနေသည့် နယ်မြေလည်းဖြစ်သည်။ အဆိုပါ ဘေးမဲ့တောအတွင်း တောတောင်သဘာဝ အလှအပရှုခင်းများသာမက အဖိုးတန်ရှေးဟောင်းယဉ်ကျေးမှုလက်ရာများဖြင့် ခံ့ညားထည်ဝါသည့် အဆောက်အအုံများရှိနေခြင်းကလည်း ထူးခြားလှသည်။
မြန်မာလူမျိုးတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြပြီး သံသရာအကျိုးစီးပွားအလို့ငှာ အလှူဒါနများပြုလုပ်ကြရာတွင် သစ်ပင်များစိုက်ပျိုး၍ ဥယျာဉ်တည်ထောင်သည့် ထာဝရစောင့်ရှောက်ဘေးမဲ့ပေးသည့် ဇီဝိတဒါနမျိုးကိုလည်း စိတ်အားထက်သန်စွာ ပြုလုပ်လေ့ရှိကြသည်။ သို့ရာတွင် အခြားတစ်ဖက်သားငှက်တိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ရောင်းချအသက်မွေးခြင်း၊ စားသောက်ခြင်းတို့ ရှေးကတည်းမှ ယခုခေတ်အထိတိုင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်ကိုလည်း တွေ့ရသည်။ ယခုကဲ့သို့ ဆောင်းရာသီတွင် မြန်မာနိုင်ငံအတွင်းရှိ သဘာဝရေကန်ကြီးများ၊ မြစ်ချောင်းအင်းအိုင်ရေဝပ်ဒေသများသို့ ဆောင်းခိုငှက်များ ဝင်ရောက်လာကြရာ ငှက်ဖမ်းသမားတို့က နည်းမျိုးစုံဖြင့် ဖမ်းဆီးရောင်းချစားသောက်ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ နှစ်စဉ်အောက်တိုဘာလတွင် ဆောင်းခိုငှက်များ ဝင်ရောက်လာကြပြီး ဧပြီလတွင် ပြန်လည်၍ ထွက်ခွာကြခြင်းဖြစ်ရာ ပြည်တွင်း၌ ၎င်းတို့နေထိုင်ကျက်စားကြစဉ်ကာလအတွင်း ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းပေးရန်လိုအပ်သည်။
ကမ္ဘာ့မြောက်ခြမ်းဒေသများ၌ ဆောင်းရာသီတွင် အအေးဓာတ်ပြင်းထန်ပြီး အစာရေစာရှားပါးလာချိန်၌ ဆောင်းခိုငှက်များသည် အအေးဓာတ်လျော့နည်း၍ အစာရေစာပေါများသည့် ကမ္ဘာ့တောင်ခြမ်းဒေသများသို့ မိုင်ပေါင်းထောင်ချီပျံသန်းကာ ရွှေ့ပြောင်းကျက်စားကြသည်။ ဆောင်းရာသီကုန်ဆုံးချိန် မူရင်းဒေသများသို့ ပြန်လည်ထွက်ခွာသွားကြရာတွင် လူတို့၏ ဖမ်းဆီးသတ်ဖြတ်မှုများအပါအဝင် အခြားသောအကြောင်းအရာများကြောင့် နှစ်စဉ်ကောင်ရေများ လျော့ကျသည့်အခြေအနေများကို တွေ့ရှိနေရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ စားကျက်နယ်မြေများတွင် ဌာနေတိုင်းရင်းငှက်များအပြင် နှစ်စဉ်ဆောင်းခို ငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော် လာရောက်ကျက်စားလေ့ရှိရာ ကမ္ဘာပေါ်တွင် ကောင်ရေအနည်းငယ်မျှသာကျန်ရှိပြီး မျိုးသုဉ်းမည့် အန္တရာယ်ကျရောက်တော့မည့် ငှက်မျိုးစိတ်အချို့လည်းပါဝင်နေခြင်းဖြစ်သည်။ ဆောင်းခိုငှက်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မှတ်တမ်းများယူခြင်း၊ စာရင်းပြုစုခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့ကို တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသော်လည်း ၎င်းတို့အလှမ်းဝေးသည့် နေရာများစွာရှိနေရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
ကမ္ဘာ့မြောက်ခြမ်းမှ ဆောင်းခိုငှက်များ ကမ္ဘာ့တောင်ခြမ်းသို့ ပျံသန်းရာလမ်းကြောင်းကြီး ကိုးခုရှိသည့်အနက် မြန်မာနိုင်ငံသို့ အရှေ့အာရှ-ဩစတြေးလျလမ်းကြောင်းနှင့် အာရှအလယ်ပိုင်း လမ်းကြောင်းတို့မှ ငှက်များလာရောက်ကျက်စားကြခြင်းဖြစ်ပြီး နိုင်ငံခြားငှက်ကြည့်ဝါသနာရှင်များ စိတ်ဝင်စားကြသည့် ရှားပါးငှက်များလည်း ပါဝင်နေသည်။ ပြည်တွင်းရှိ ရေဝပ်နေရာ စားကျက်များသို့ ဆောင်းခိုငှက်များ လာရောက်ကျက်စားခြင်းသည် ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများအတွက် ဆွဲဆောင်မှုများပင်ဖြစ်ရာ ဆောင်းခိုငှက်များ၏ သဘာဝစားကျက်နယ်မြေများ အကြောင်းအမျိုးမျိုးကြောင့် မပျက်စီးစေရန် ဆောင်းခိုငှက်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုရန်၊ ဝယ်ယူခြင်း၊ စားသောက်ခြင်းတို့မပြုရန် ဝိုင်းဝန်းတားဆီးကာကွယ်ကြရပါမည့် အကြောင်း။ ။