ယခုဖေဖော်ဝါရီလတစ်လလုံး “သနပ်ခါးရက်သတ္တပတ်”၊ “သနပ်ခါးလ” လှုပ်ရှားမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ဆောင်ရွက်လျက်ရှိသည်။ ဤသည်မှာ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်မှုဓလေ့ကို ယူနက်စကို၏ “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်” (Representative List of The Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရန် အကြိုကြိုးပမ်းလှုပ်ရှားမှုပင်ဖြစ်သည်။
သနပ်ခါးသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း၏ သဘာဝပေါက်ပင်ဖြစ်ပြီး မြန်မာလူမျိုးတို့ အမြတ်တနိုးလိမ်းခြယ်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။ ပြည်တွင်းဘုရားဖူး ခရီးသည်အများအပြား လာရောက်ဖူးမြော်ကြသည့် ဘုရားစေတီ ပုထိုးများ၏ ပရိဝုဏ်များတွင် ဧရာမကျောက်ပျဉ်ကြီးများ ချထားပေးပြီး ဘုရားဖူးသူများလိမ်းခြယ်နိုင်ရန် သနပ်ခါးတုံးများ လှူဒါန်းထားသည်ကို ဒေသအနှံ့အပြားတွင် တွေ့ရှိနိုင်သည့်အပြင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်များအတွင်း ရိုးရာယဉ်ကျေးမှုသနပ်ခါး ပွဲတော်များကိုပါ ကျင်းပကြရာ မြန်မာပြက္ခဒိန်လတိုင်းမပြတ် တစ်မြို့မြို့တွင် သနပ်ခါးပွဲတော်ရှိနေသည်ကိုလည်း တွေ့ရှိနိုင်သည်။ အရွယ်အစားစုံ သနပ်ခါးတုံးများ ခင်းကျင်းရောင်းချသည့်ဆိုင်များသည် မြန်မာအမျိုးသမီးတို့ စိတ်အဝင်စားဆုံးဆိုင်များဖြစ်ပြီး အရည်အသွေး ကောင်းလျှင်ကောင်းသလို တန်ဖိုးပေးဝယ်ယူသုံးစွဲကြသည့် ဓလေ့မှာလည်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စွဲမြဲနေသည့် ဓလေ့ပင်ဖြစ်သည်။
ရှေးကတည်းက ကျေးလက်ဒေသမှ အမျိုးသမီးကြီးငယ်များမှသည် နန်းတွင်းသူများ၊ တော်ဝင်မင်းသမီး၊ မိဖုရားများအထိ သနပ်ခါးကိုလိမ်းခဲ့ကြရာတွင် အလှအပအတွက် ဖြီးလိမ်းခြယ်သခြင်းဖြစ်သလို အသားအရေ စိုပြည်ချောမွေ့စေရန်၊ မှက်ခြင်နှင့် နေလောင်ဒဏ်ခံနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် လိမ်းခဲ့ကြခြင်းဖြစ်သည်။ သနပ်ခါးလိမ်းထားသူတစ်ဦးအဖို့ သနပ်ခါး၏ရနံ့ကြောင့် ကိုယ်တိုင်ကျေနပ်နှစ်သိမ့်မှုကို ခံစားရသလို မြင်တွေ့ရသူများအနေဖြင့်လည်း ယဉ်ကျေးသိမ်မွေ့မှုကို ခံစားကြရလေ့ရှိသည်။ သို့ဖြစ်ရာ သနပ်ခါးလိမ်းကျံမှုနှင့် စပ်လျဉ်းသည့် ကဗျာ၊ လင်္ကာ၊ တေးချင်းအဖွဲ့အနွဲ့များစွာတို့ကို လွန်ခဲ့ပြီးသည့် ရှေးခေတ်နှစ်ပေါင်းများစွာမှသည် မျက်မှောက်ကာလတိုင်အောင် ရေးဖွဲ့သီဆိုနေကြခြင်းပင်ဖြစ်သည်။
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ၂၀၂၀ ပြည့်နှစ်အတွင်းက ယူနက်စကိုသို့တင်ပြခဲ့ရာ အချက်အလက်အချို့ လိုအပ်နေကြောင်း ပြန်လည်အကြောင်းကြားလာခြင်းကြောင့် အချက်အလက်များ ပြည့်စုံစွာ ပြန်လည်ရေးသားကာ လာမည့်မတ်လ ၃၁ ရက်နေ့မတိုင်မီ ပြန်လည်တင်ပြသွားမည်ဟုသိရသည်။ လက်ရှိအချိန်တွင် မြန်မာ့ ယဉ်ကျေးမှုနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်အသိအမှတ်ပြုထားပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် စာရင်းကောက်ယူမှတ်တမ်း ပြုစုထားသည့် အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဝင် ဒြပ်မဲ့ယဉ်ကျေးမှုပေါင်း ၂၀၀၀ ကျော်ရှိနေသည်။ စာရင်းကောက်ယူမှတ်တမ်းပြုစုသည့် လုပ်ငန်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်မှသာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တင်သွင်းနိုင်မည်ဖြစ်သည်ဟု သိရသည်။
နိုင်ငံအတွက် အဖိုးမဖြတ်နိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်မပျက်ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန်မှာ နိုင်ငံသားတို့၏တာဝန်ဖြစ်သည်။ ယခုအခါနှစ်စဉ်တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ်သတ်မှတ် ထားရာအထိမ်းအမှတ်လှုပ်ရှားမှုများဖြင့် ကမ္ဘာကသိလာစေရန်အထိ ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ယခုလာမည့် မတ်လ ၃၁ ရက် မတိုင်မီ “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar) ကို ယူနက်စကိုသို့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း အောင်အောင်မြင်မြင် တင်သွင်းနိုင်ရေးအတွက် မြန်မာအားလုံး စိတ်ရောကိုယ်ပါဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။