Skip to main content

အေးအတူပူအမျှ အသိုက်အဝန်းထူထောင်

ကြေးမုံ အယ်ဒီတာအာဘော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ရာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးစီးပွား အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံသဘောတူညီချက်၊ နားလည်မှု စာချွန်လွှာနှင့် စာလွှာများကို လက်မှတ်ရေးထိုးလဲလှယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ သို့ လာမည့်သုံးနှစ်တာကာလအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအဖြစ် ယွမ် လေးဘီလီယံအား ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းတွင် နှစ်နိုင်ငံ သဘောတူညီမှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှုတို့အပေါင်းအစုဖြင့် တိုးတက် ဖြစ်ထွန်းလာမှုများမှာ တစ်မူထူးခြားသည်ဟု ဆိုနိုင်ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတွင် ဒုတိယအင်အားအကြီးဆုံးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့နှင့်အနောက် စီးပွားရေးစင်္ကြံလမ်းတွင် မဟာဗျူဟာ ကျသောနိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံငယ် ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်ပေါ်လာရေး ကြိုးပမ်းအားထုတ် ရာ၌ နည်းပညာနှင့် အကူအညီအထောက်အပံ့များ လိုအပ်ပါသည်။ စီးပွားရေးစင်္ကြံလမ်းမပေါ်တွင် တည်ရှိသော မြန်မာနိုင်ငံအတွက် လိုအပ်နေသည့် အကူအညီများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရရှိလာသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွန်းအားများ ပိုမိုအားကောင်း မောင်းသန်ဖြစ်စေပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရင်းအနှီး၊ နည်းပညာနှင့် အခွင့်အလမ်းများ ရရှိရေးသည် အရေးကြီးသောအချက်ဖြစ်၍ ယခု နှစ်နိုင်ငံတွေ့ဆုံမှုတွင် ရရှိလာသော အခွင့်အရေးများကို ထိရောက်စွာ အသုံးချရမည် ဖြစ်သည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုများတွင် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု၊ စိုက်ပျိုးရေး ထွက်ကုန်များ၏ အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာနစီမံကိန်း၊ စပ်မျိုးစပါး သုတေသနဗဟိုဌာန စီမံကိန်း၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း၊ ရန်ကုန်မြစ်ဝအနောက်ဘက်ကမ်း ထိန်းသိမ်းရေးစီမံကိန်း၊ မီးလင်းချိုင် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စသည့် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းကို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခြင်းမှ မြန်မာနိုင်ငံအတွက် အကျိုးရလဒ် ကောင်းများ ရရှိနိုင်အောင် ကြိုးပမ်း အားထုတ်ရမည် ဖြစ်သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် သက်ဆိုင်ရာနိုင်ငံများ၌ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်းအားထုတ်ရာတွင် အောင်မြင်တိုးတက်မှုများ ပိုမိုရရှိရေးအတွက် အပြန်အလှန် ဆန္ဒပြုခဲ့ကြပြီးဖြစ်ရာ ရရှိထားသော သဘောတူညီချက်များနှင့်အညီ လက်တွေ့ အကောင်အထည်ပေါ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ နှစ်နိုင်ငံအကြား ဆက်ဆံမှုခိုင်မာစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဖြစ်ထွန်းနေသည့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ၊ မိတ်ဖက်ဆက်ဆံရေးများအား အေးအတူ ပူအမျှ တိုးမြှင့်သွားနိုင်ရေးတို့ကို နှစ်နိုင်ငံ ခေါင်းဆောင်များ ကတိကဝတ်ပြု ထားကြသည့်အတိုင်း ဖော်ဆောင်သွားရမည် ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာဖော်ဆောင်နိုင်ရေးတို့၏ အရေးပါမှုများကို တရုတ်နိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင် အလေးထားပြောကြားခဲ့သည်။ တရုတ် နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးတို့အတွက် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်နေမှုတို့ကို ဆက်လက်ထောက်ခံ အားပေးသွားမည် ဖြစ်ကြောင်း ခေါင်းဆောင်နှစ်ဦးက ထပ်လောင်း ကတိပြုခဲ့ကြသည်။

သို့ဖြစ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ အကျိုးစီးပွားများကို ထိရောက်စွာ ဆောင်ကြဉ်းပေးနိုင် ခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များက ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုအဆင့်မှ နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး သာတူညီမျှရှိသော ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံသည့် မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းတည်ထောင်ရေး အဆင့်သို့ မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။