Skip to main content

မြန်မာ့သစ်တောများကာကွယ်ဖို့အရေး

မြန်မာနိုင်ငံတွင် သစ်တောအလွန်အကျွံခုတ်လှဲမှုနှင့် တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် သစ်တောများ ပြုန်းတီးလာလျက် ရှိသည်။ နိုင်ငံတော်အစိုးရက သစ်တောများပြုန်းတီးမှု သက်သာ စေရန်အတွက် စီမံချက်များချမှတ်ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၄ ခုနှစ်မှစ၍ နိုင်ငံခြားသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီး ၂၀၁၆ ခုနှစ် တစ်နှစ်လုံး သစ်တင်ပို့မှုကို ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် ကျွန်းသစ်အဓိကထွက်ရှိရာ ပဲခူးရိုးမတွင်လည်း သစ်ထုတ်လုပ်ခြင်း ၁၀ နှစ် ရပ်ဆိုင်းခဲ့သည်။

သို့သော် ပဲခူးရိုးမတွင်ပင် သစ်ခိုးထုတ်ခြင်းများရှိနေသည်ကို သတင်းများတွင် တွေ့ရှိနေရသည်။ အလားတူ တစ်နိုင်ငံလုံးအနှံ့ တရားမဝင်သစ်ဖမ်းဆီးရရှိမှုသတင်းများလည်း မကြာခဏ ဆိုသလိုတွေ့ရှိနေရသည်။ ဒီဇင်ဘာလအတွင်းက သစ်တော ဦးစီးဌာန ၏ ထုတ်ပြန်ချက်တစ်ခုအရ တရားမဝင်သစ်ဖမ်းဆီး ရရှိမှုသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ နိုဝင်ဘာလအထိ ၄၅ လတာ ကာလအတွင်း ၁၆၅၅၁၁ ဒသမ ၃ တန်ရှိသည်ဟု ဆိုပါသည်။ ဖမ်းမိသော တရားခံပေါင်း ၂၃၆၁၀ ရှိပြီး ထိုအထဲတွင် နိုင်ငံခြားသား ၅၉ ဦး ပါဝင် ပါသည်။ ဖမ်းမိယာဉ်ယန္တရား ၁၁၀၄၅ စီးရှိသည်ကို တွေ့ရသည်။ ၂၀၁၉ အောက်တိုဘာလမှ နိုဝင်ဘာ လအထိ တစ်လတာကာလ အတွင်း တရားမဝင်သစ်ဖမ်းဆီးမှု ၄၄၃၄ တန်ကျော်ရှိခဲ့ပြီး ဖမ်းမိတရားခံ ၅၆၃ ဦး၊ ယာဉ်ယန္တရား ၃၅၇ စီး သိမ်းဆည်းရမိကြောင်း သိရပါသည်။ စာရင်းများအရဖမ်းမိသစ်များသည် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့တွင် အများဆုံးဖြစ်သည်။ အထက်ဖော်ပြပါ ၄၅ လတာ ကာလအတွင်း ဖမ်းမိသစ်တန် တစ်သိန်းခွဲကျော်တွင် ကျွန်းသစ်က တန်ချိန် နှစ်သောင်းကျော် ပါဝင်နေသည်ကို တွေ့ရသည်။

ဒီဇင်ဘာလအတွင်းမှာပင် နိုင်ငံတကာသတင်းတစ်ပုဒ်တွင် နယ်သာလန်နိုင်ငံအတွင်း နေရာ ၆ နေရာ၌ တရားမဝင် ဝင်ရောက် လာသောကျွန်းသစ်များ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုပါသည်။ ၎င်းကျွန်းသစ်များသည် မြန်မာနိုင်ငံမှဖြစ်ပြီး ဥပဒေ အားနည်းရာ ချက်နိုင်ငံမှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်သည်။ မြန်မာ့ကျွန်းသစ်များကို ဇိမ်ခံရွက်သင်္ဘောများ ဆောက်လုပ်ရာ တွင် အသုံးပြုကြခြင်းဖြစ်သည်။ ဥရောပသမဂ္ဂသည် ၂၀၁၃ ခုနှစ်မှစ၍ တရားမဝင်သစ်ခုတ်ခြင်းများနှင့် အလွန်အကျွံသစ်ခုတ် လှဲခြင်းပြုထားသော နေရာဒေသများမှ သစ်များကို ဝယ်ယူခွင့် မပြုရန် ပြဋ္ဌာန်းထားသည်။ ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း မြန်မာပြည်မှ သစ်များတင်သွင်းမှုအတွက် ဥရောပကုမ္ပဏီ အများအပြား ရုံးတင်တရားစွဲခြင်းခံရသည်ဟု အဆိုပါသတင်း ဆောင်းပါးတွင် ရေးသားထားသည်။

ထိုအခြေအနေများကိုကြည့်လျှင် မြန်မာနိုင်ငံတွင် သစ်တော ထိန်းသိမ်းမှုများ စည်းမျဉ်းဥပဒေများ ပြုလုပ်လျက်ရှိသော်လည်း ယိုပေါက်များစွာရှိနေတုန်းပင်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါသည်။ Global Forest Watch ၏ အစီရင်ခံစာတွင်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သစ်တောဧရိယာ ဟက်တာ ၃ ဒသမ ၃၈ သန်း(စတုရန်းမိုင် ၁၃၀၀၀) ခန့် ဆုံးရှုံးခဲ့သည်ဟုဖော်ပြထားသည်။ ကာကွယ်ထားသည့် ပဲခူးရိုးမအတွင်းမှ သစ်တောကြိုးဝိုင်းလေးခုရှိသစ်တောများသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ၄၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားသည်ဟုဆိုပါသည်။

ဤသည်တို့မှာ နိုင်ငံတော်အဆင့်မှ မည်မျှပင်စေတနာထား၍ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်သော်လည်း အောက်ခြေတွင် လိုက်နာစောင့်ထိန်းမှု လျော့နည်းနေခြင်းကို ဖော်ပြနေခြင်းပင်ဖြစ်သည်။ ဂိုဏ်းအုပ်စုဖွဲ့၍ ခိုးထုတ်ခြင်း၊ နယ်စပ်များအရောက် ဂိတ်အသီးသီးကို နည်းမျိုးစုံဖြင့်ဖြတ်သန်း နိုင်ကြခြင်း၊ သစ်တောဝန်ထမ်းများကို ပြန်၍အန္တရာယ်ပြု လောက်အောင် အတင့်ရဲလာကြခြင်းများကို တွေ့မြင်နေရခြင်း၊ အပြစ်ပေး အရေးယူမှု အားနည်းနေခြင်းကြောင့်ဟု ယူဆရပေ သည်။ ကာကွယ်တောများနှင့် နီးစပ်သောရွာများတွင် ဆင်းရဲမွဲတေမှုလျှော့ချရေး စီမံကိန်းများနှင့် အခြားသော အလုပ်အကိုင်များ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးရမည်ဖြစ်ပါသည်။ ၎င်းအပြင် သစ်ခိုးဂိုဏ်းများနှင့် အကျင့်ပျက်ဝန်ထမ်းများအားလုံး ကို ပြင်းထန်သော ပြစ်ဒဏ်များချမှတ်နိုင်ရန် ဥပဒေများ လိုအပ် လျက်ရှိကြောင်း တင်ပြရပါသည်။ ။