Skip to main content

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေး ZOOM MEETING ဖြင့်ကျင်းပ

ပဲခူး    အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ZOOM MEETING ဖြင့်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၂၀ပြည့်နှစ် ၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ပေးအပ်ထားပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူ တစ်ဦးချင်း မိမိတို့လိုလားသည့် အစိုးရတစ်ရပ်ကို လွတ်လပ်စွာရွေးချယ်မဲပေးနိုင်ရေး အလွန်အရေး ကြီးကြောင်း၊ မဲရုံအပြင်တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို အသိပေးဆိုင်းဘုတ်များ စိုက်ထူထားရန်နှင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအလိုက် လိုအပ်ချက်များ တင်ပြပေးရန် ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းမှ မြို့နယ်များရှိ မဲရုံများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည့် အစီအမံများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က မဲရုံများအလိုက် စစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေ၊ ယာယီမဲရုံဆောက်လုပ်ရန် လိုအပ်မှုများနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ ချထားမှုအခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများမှ မဲရုံအဖြစ် အသုံးပြုမည့်နေရာများ ကြိုတင်ပြင်ဆင်ထားရှိမှု၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့် မဲရုံများအလိုက် လိုအပ်ချက်များ တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်း အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပဲခူးခရိုင်တွင် မဲရုံ(၁၁၉၀)ရုံ၊ မဲဆန္ဒရှင်ဦးရေ(၁၄၂၂၉၅၀)ဦး၊ တောင်ငူခရိုင်တွင် မဲရုံ(၉၆၉)ရုံ၊ မဲဆန္ဒရှင်ဦးရေ(၈၈၁၂၂၅)ဦး၊ ပြည်ခရိင်တွင် မဲရုံ(၉၉၅)ရုံ၊ မဲဆန္ဒရှင် ဦးရေ(၇၂၅၇၅၆)ဦး၊ သာယာဝတီရိုင်တွင် မဲရုံ(၉၉၁)ရုံ၊ မဲဆန္ဒရှင်ဦးရေ(၈၅၁၇၈၆)ဦး၊ ပဲခူးတိုင်းဒေသကြီး အတွင်း စုစုပေါင်းမဲရုံ(၄၁၄၅)ရုံ၊ မဲဆန္ဒရှင်ဦးရေ(၃၈၈၁၇၁၇)ဦးရှိပြီး နိုင်ငံရေးပါတီပေါင်း(၂၅)ပါတီမှ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)