Skip to main content

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၂

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယခု ဘဏ္ဍာရေးနှစ်သည် ယခင်နှစ်များနှင့် မတူဘဲ လုပ်ငန်းဆောင်ရွက်နိုင်ရန် ကာလများကို အဓိကထား သတ်မှတ်သည့် ဘဏ္ဍာရေးနှစ် အသစ်လည်းဖြစ်ပြီး လျှပ်စစ်ကဏ္ဍအတွက်လည်း အရေးကြီးသည့် နှစ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအားဖြင့် လျှပ်စစ်ဓာတ်အား ရရှိမှုသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ အနေဖြင့် ပါဝင်သည့်အပြင် နိုင်ငံတော်အစိုးရ အနေဖြင့်လည်း လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ယခုနှစ် တွင်ထုတ်လုပ်မှု အပိုင်း၊ သယ်ယူပို့ဆောင်မှုအပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းတို့တွင် တိုးတက် ဖြစ်ပေါ်မှုများကို ယခင်ကထက် ပိုမိုကောင်းမွန်လာစေရန် မျှော်မှန်းထားသည့်အတွက် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နွေရာသီကာလအတွက် ၁၁၆၆ မဂ္ဂါဝပ်အား ထပ်တိုး ထုတ်လုပ် နိုင်ရေး ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိသည့်အတွက် မိမိတို့၏ ရည်မှန်းချက်များကို ဟန်ချက်ညီ အာရုံစိုက်၍ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

လက်ရှိ ထုတ်လုပ်နေသော ဓာတ်အားပေး စက်များကိုလည်း ကြံ့ခိုင်ကောင်းမွန်စွာဖြင့် စက်စွမ်းအားပြည့် ဓာတ်အား ထုတ်လုပ်နိုင်ရေး အကောင်းဆုံးကြိုးစား ဆောင်ရွက်ကြရန်နှင့် ဓာတ်အားပေးစက်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ၏ ကြံ့ခိုင်မှုများ၊ Power Plant များ၏ Efficiency များ တိုးတက်ရေး၊ ဓာတ်အားပေး စက်ရုံအဟောင်းများကို Rehabilitation ပြုလုပ်မည့် အစီအစဉ်များကိုလည်း ရေးဆွဲထားသည့် Time Schedule အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မည်သို့ပင်ထုတ်လုပ် နိုင်စေကာမူ သုံးစွဲသူထံ ရောက်ရှိအောင်ပို့လွှတ်ရသည့် ဓာတ်အားပို့လွှတ်ရေး အပိုင်းသည် လည်း အရေးကြီးသည့်အတွက် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ Losses နည်းပါးစွာဖြင့် ဗို့အားပြည့်ဝစွာ အချိန်မီဖြန့်ဖြူးပေးပို့နိုင်ရေး စီမံချက်များအတိုင်း ဟန်ချက်ညီညီ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို Work Plan ချမှတ်ထားမှု အခြေအနေများ၊ ဓာတ်အားတိုးတက် ထုတ်လုပ်နိုင်ရေး အစီအမံများ၊ လက်ရှိဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများကိုလည်း အသေးစိတ် တင်ပြကြရန် လိုအပ်ကြောင်း။

မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့် အလျောက် မိမိတို့လုပ်ဆောင်မှုများ အပေါ် ပြည်သူများမှနားလည် လက်ခံလာစေရေး ထိတွေ့ပြောဆို ချပြ ဆောင်ရွက်သွားရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်သူကိုဗဟိုပြုသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်၊ ဝန်ဆောင်မှု အပိုင်းတွင်လည်း သိသိသာသာ တိုးတက်ကောင်းမွန်လာအောင် ရည်မှန်းချက်ထား ဆောင်ရွက်ရန်နှင့် အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားများကို နောက်ထပ် ၅နှစ် စာစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး Generation Complex Plan နှင့် Transmission Hub Plan များကိုလည်း စီမံချက်များ ရေးဆွဲချမှတ်ထားပြီးဖြစ်၍ ၎င်းတို့အပေါ်၌လည်း အားလုံးမှ ဝိုင်းဝန်း၍ ဟန်ချက်ညီညီ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများ၊ စီမံကိန်းညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျန်ကာလများ၏ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များ၊ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမှ လက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ နွေရာသီတွင် ထုတ်လုပ်မည့် LNG သုံး စီမံကိန်းများ၏ တည်ဆောက်မှု အခြေအနေတို့အား အသီးသီး ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် သုံးသပ် ဆွေးနွေးတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)