ရန်ကုန် ဇန်နဝါရီ ၂၃
မြေလတ်မောင်မြင့်သူ ရေးသားသည့် “ကြယ်အလင်းနဲ့ လှရအောင်” ကလေး ကဗျာ များ စာအုပ်မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ ကဗျာ စာအုပ်သည် ၂၀၁၅ ခုနှစ် ထွန်းဖောင်ဒေးရှင်း စာပေဆုရ စာမူဖြစ်ပြီး အာဆီယံ နိုင်ငံများမှ ကလေး များအတွက် ဗဟုသုတရစေမည့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် ကဗျာ ၇၅ ပုဒ် ပါဝင် သည်။
စာရေးသူ မြေလတ်မောင်မြင့်သူ က “အဓိကက ကလေးရဲ့ အခြေခံ စိတ်ဓာတ်နဲ့ နှလုံးသားကို အတင်း ရိုက်သွင်းတာမျိုးမဟုတ်ဘဲနဲ့ ဒီကဗျာ လေးတွေ ရွတ်ဆိုရင်း သူတို့ရဲ့ စိတ်ထဲမှာ ယဉ်ကျေးလိမ္မာတာတွေက လက်ပွန်း တတီးဖြစ်ပြီး နှလုံးသားထဲ စွဲသွားမှာပါ။ ဒါ့ကြောင့် ကလေး ကဗျာတွေ ကလေးစာပေတွေက လိုအပ် ပါတယ်” ဟု ပြောကြားသည်။
“ကြယ်အလင်းနဲ့ လှရအောင် " စာအုပ်သည် ကလေးများ ကြီးပြင်း လာသည့်အခါ လမ်းပြရှေ့ဆောင် ကြယ်များကဲ့သို့ ကိုယ်ပိုင်အလင်းရောင်ဖြင့် ဘဝကိုထူထောင်နိုင်ရန် ရည်ရွယ်ရေးသားထားသည့် ကလေး ကဗျာဖြစ်၍ စွယ်တော်ပုံနှိပ်တိုက်မှ ပုံနှိပ်ပြီး ယဉ်မျိုး စာပေတိုက်မှ ထုတ်ဝေဖြန့်ချိကာ စာအုပ်ဈေးနှုန်း မှာ ငွေကျပ် ၄၅၀၀ ဖြစ်သည်။
စာအုပ်မိတ်ဆက်ပွဲတွင် ကဗျာဆရာ အယ်ဒီတာ မောင်ယဉ်မှူး၊ ဆရာကြည်မင်း၊ ဆရာအောင်ဇော်မင်း နှင့် မောင်ရင့်မာ (ကျောင်းကုန်း) တို့က မုဒိတာစကားများ ပြောကြား ကြသည်။
ဝင်းဝင်းမော်