Skip to main content

ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြု ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၄

 

ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က အခွန်ကောက်ခံမှုလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စေရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသဖြင့် ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုသည် အထူးလိုအပ်ပါကြောင်း၊ ပြည်ထောင်စုက ကောက်ခံရရှိသည့် အခွန်ရငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသည့် နှုန်းထားများအတိုင်း တိုင်းဒေသကြီး/ ပြည်နယ်များသို့ အခွန်ဝေစုကိုနှစ်စဉ်လွှဲပြောင်းပေးအပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ရငွေများပြည့်ပြည့်ဝဝ ကောက်ခံရရှိမှသာဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပိုမိုထိရောက်စွာ အကောင်အထည် ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်နေကြောင်း၊ ယနေ့ ခေတ်ကာလသည် နည်းပညာမြင့်မား လာသည်နှင့်အညီ အခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စေရန် online စနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွန်ကောက်ခံနေသည့် ဝန်ထမ်းများအနေဖြင့် ပြဌာန်းထားသော အခွန်ဥပဒေများနှင့်အညီ ရသင့်ရထိုက်သောအခွန်ငွေများ ပြည့်ပြည့်ဝဝကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ပြောင်းလဲနေသော စီးပွားရေးအခြေအနေများနှင့်အညီ အခွန် ဆိုင်ရာဥပဒေများကိုလည်း  ပြင်ဆင်ရေးဆွဲလျက်ရှိပြီး၊ စွမ်းရည်ပြည့်ဝသည့် အခွန်စီမံခန့်ခွဲမှု စနစ်တစ်ရပ် ပေါ်ထွန်းလာရေးကို အစဉ်တစိုက် ဆောင်ရွက်နေပါကြောင်း၊ အခွန်ရငွေများ အပြည့်အဝကောက်ခံရရှိရေးတွင် ကြုံတွေ့ ရသည့်အခက်အခဲများကို အကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးများက မိမိတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် တွေ့ကြုံရသည့်အခက်အခဲများနှင့် ပေါင်းစပ်ညှိနှိုင်းရန်လိုသည့် ကိစ္စရပ် များကို ဆွေးနွေးတင်ပြသည်။  ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများမှ ရှင်းလင်းဝိုင်းဝန်းဆွေးနွေး ဖြေကြားပေးခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြု ဦးစီးကော်မတီကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ ဌအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးများနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ဖွဲ့စည်းထားခြင်းဖြစ် သည်။

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်၊ ဒေါက်တာမင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)