Skip to main content

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ  ၂၄

 

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လူ့အခွင့်အရေးသည် မွေးရာပါ အခွင့်အရေးဖြစ်ကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ရာတွင်လည်းကောင်း၊ အခွင့်အရေးများကို ဖော်ထုတ်တောင်းဆိုရာတွင် လည်းကောင်း ဥပဒေနှင့်အညီ ဖြစ်ရန်လိုအပ်သည့်အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ တည်တံ့ခိုင်မြဲရေး အချက်(၃) ချက်ကိုလည်း မထိခိုက်စေရန် လိုအပ်ကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အသစ်ကို ပြဋ္ဌာန်းပြီးဖြစ်ရာ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခနှင့် ပတ်သက်၍ အခန်း (၁၇) တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်နစ်နာသော ကလေးသူငယ်များ၏ အခွင့်အရေး များကို အလေးဂရုပြုရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖြည့်ဆည်းပေးရေးတို့ ဆောင်ရွက်ပေး ရန် ပါဝင်ကြောင်း။

 

ကလေးသူငယ်များ အပေါ်ကြီးလေးသော ကျူးလွန်မှုများ မရှိစေရေး၊ ကာကွယ်တားဆီးရေး သည် ကလေးသူငယ်များ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု တစ်ရပ်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင်ရာတွင် လိုအပ်သောကဏ္ဍများ၌ အမျိုးသား ကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် United Nation Country Task Force on Monitoring and Reporting (UNCTFMR) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ထားပြီး ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးမှုများက ရရှိလာသော အကြံပြုချက်များကို ပြန်လည် ညှိနှိုင်းပြီး လုပ်ငန်းကော်မတီက ရေးဆွဲထားသည့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်တစ်ခု ပေါ်ပေါက်လာ ပြီဖြစ်ကြောင်း။

 

ယနေ့ အဆိုပါလုပ်ငန်းစီမံချက်အပေါ် ဆွေးနွေးအတည်ပြုပေးကြရန်နှင့် မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် UNCTFMR နှင့်ပူးပေါင်းဆောင်ရွက် ရမည့်အချက် ပါရှိသောကြောင့်  လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာတွင် ကော်မတီအနေဖြင့် တိုက်ရိုက်ဆွေးနွေး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့၏ အဓိက ရည်ရွယ်ချက်သည်  ကလေး သူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်နက်ကိုင်ပဋိပက္ခများအတွင်း  ကလေးသူငယ်များအား သေကြေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုတို့မှ ကာကွယ် တားဆီးရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် United Nation Country Task Force on Monitoring and Reporting (UNCTFMR) တို့က ပေးပို့ထားသော သဘောထားများ၊ အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ တက်ရောက်လာကြသူများက လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေး သူငယ်များအား သေကြေထိခိုက်ဒဏ်ရာရရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှု တို့မှ ကာကွယ်တားဆီးရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အပေါ် ဆွေးနွေး အတည်ပြု ပေးခြင်း၊ ကော်မတီအနေဖြင့် UNCTFMR အဖွဲ့နှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမည့်ကိစ္စများကို ညှိနှိုင်းခြင်းနှင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်း ဓါတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)