ပွင့်ဖြူ ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)တွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် အလျား ၁၀၀ ပေ ၊ အနံ ၃၀ ပေ ကျောင်းဆောင်သစ် အဆောက်အအုံ ဖွင့်ပွဲကို ဇန်နဝါရီ ၂၄ ရက် ၊ နံနက် ၉ နာရီက အဆိုပါ ကျေးရွာ(အ.ထ.က)ကျောင်း၌ ကျင်းပရာ ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတာ ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ တိုင်းဒေသကြီးပညာရေးမှူး ဒေါ်ခင်သန်းဦး ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ၊ ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ကျောင်းအကျိုးတော်ဆောင် ဦးခင်မောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်းက ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ပညာရေးမှူး ဒေါ်ခင်သန်းဦးက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ကျောင်းသားကျောင်းသူများ ပညာရည်မြင့်မားရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆရာမိဘ ပူးပေါင်းဆောင်ရွက် သွားရန်ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
၎င်းနောက် ကျောင်းသားကျောင်းသူများက “ဗိုလ်ရှုသဘင်” ယိမ်းအကဖြင့် သီဆိုဖျော်ဖြေပေးကာ တင်ဒါစနစ်ဖြင့် တာဝန်ယူ ဆောက်လုပ်သည့် ကျော်စွာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စာသင်ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက် စာတမ်း များကို ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်ခင်ပြုံးရီထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းအကျိုးတော်ဆောင် ဦးခင်မောင် က ကျေးဇူးတင်စကား ပြောကြားပြီး ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေကျော် က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကို ဂါရဝပြု အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ကျောင်းသားကျောင်းသူများက ဇာတိမာန် တေးသီချင်းဖြင့် သီဆိုဖျော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)ကျောင်းတွင် ၂၀၁၉ - ၂၀၂၀ ပညာသင် နှစ်တွင် KG - တန်းမှ ဒသမတန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၉၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ယခုနှစ် တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ၊ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၀၉၀ သိန်းဖြင့် အလျား ၁၀၀ ပေ ၊ အနံ ၃၀ ပေ ခြေတံရှည်တစ်ထပ် အာရ်စီ စာသင်ကျောင်းဆောင်သစ်အား တင်ဒါအောင်မြင်သည့် ကျော်စွာကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)တွင် နိုင်ငံတော်မှ စာသင်ကျောင်းဆောင်သစ်တစ်ဆောင် တိုးချဲ့ တည်ဆောက်ပေးခဲ့သဖြင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားခွင့်ရရှိ၍ ဒေသခံပြည်သူများ ဝမ်းသား ပျော်ရွှင်လျက်ရှိနေကြကြောင်း ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေကျော် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)