Skip to main content

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ပစ္စည်းလေးပါးဆက်ကပ်လှူဒါန်း

ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါလျှက် ယမန်နေ့ နံနက်()နာရီ(၃၀) မိနစ်က ကျောက်ပန်းတောင်းမြို့နယ် သို့ရောက်ရှိပြီး၊ မြို့နယ် သာသနာ့ဗိမာန်တွင် ညောင်ဦးခရိုင်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညို၍ ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူကာ လှူဘွယ်ဝထ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါဩဝါဒခံယူပွဲသို့ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တ ဣန္ဒဝံသ အမှူးပြုသည့် ညောင်ဦးခရိုင်အတွင်းရှိ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ဆရာတော် ကြီးများနှင့် သဃာ့အဖွဲ့အစည်းဝင်ဆရာတော်(၂၀)ပါးကြွရောက်တော်မူကြ၍၊ ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တ ဣန္ဒဝံသ (ရုပ်စုံ ကျောင်း၊မြစ်ကြည်တိုက်၊ညောင်ဦး) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများရွတ်ဖတ် သရဇ္ဇျာယ်သည့် ပရိတ်တရားတော်များကို နာယူကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သာသနာရေး ဆိုင်ရာများလျှောက်ထားသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တ ဣန္ဒဝံသ (ရုပ်စုံ ကျောင်း၊မြစ်ကြည်တိုက်၊ ညောင် ဦး) နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ဘဒ္ဒန္တ မေဃိယ(လောကန္ဒာစာသင်တိုက်၊ညောင်ဦးမြို့နယ်)နှင့် မန္တလေး တိုင်းဒေသ ကြီး သံဃာ့နာယကအဖွဲ့ဝင် ဘဒ္ဒန္တ ဓမ္မာဝုဓ(မြတ်ရွှေဂူကျောင်း၊ ကျောက်ပန်းတောင်းမြို့) တို့က ဩဝါဒကထာ ချီးမြှင့်တော်မူ ကြသည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ် စားလှယ်များက ဆရာတော်ကြီးများထံ လှူဘွယ်ဝတ္ထုပစ္စည်များ ဆက်ကပ်လှူဒါန်းကြပြီး၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော် ဘဒ္ဒန္တ ပညာဇောတ(ထန်းပင်လင့်ကျောင်း၊ကျောက်ပန်းတောင်း မြို့နယ်) ထံမှ အနုမောဒနာ တရား နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချအမျှအတန်းပေးဝေကြသည်။ ဆက်လက်၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းလိုက်ပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်အရှင်သူမြတ်များကို ဝန်ကြီးချုပ် နှင့်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များက ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြ သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများ၊ညောင် ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ် များ၊ ခရိုင်နှင့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနနှင့်သာသနာရေးဦးစီးဌာန တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)