Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နှစ်ဟောင်းကို ပြန်ပြောင်းသုံးသပ် ပြီး နှစ်သစ်တွင် ပိုမိုကောင်းမွန်သည့် အတွေးသစ်၊ အမြင်သစ်များနှင့် အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် ဆက်လက်ဖော်ဆောင်ကြမည့် အနာဂတ် ပြည်ထောင်စုအတွက် ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ဒုတိယအကြိမ် လွှတ်တော်များ၏ သက်တမ်းကာသည် မကြာမီရက်ပိုင်းတွင် လေးနှစ်ပြည့် မြောက်တော့မည် ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အတွေ့အကြုံပိုမို ရင့်ကျက်လာသည်နှင့်အမျှ ကျန်ရှိသည့် လွှတ်တော်သက်တမ်း ကာလအတွင်းတွင် အချိန်ကို အကျိုးရှိရှိ အသုံးချပြီး မိမိတို့၏ လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဦးစားပေးအလိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် မျှော်လင့်ပါကြောင်း။

၂၀၁၉ - ၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိထားသည့် မြို့နယ်ပေါင်း ၃၂၅ မြို့နယ်အနက် ယနေ့အထိ လုပ်ငန်းဆောင်ရွက်ခွင့် အဆိုပြုချက်ပုံစံ (၁)များကို (၁၁၃)မြို့နယ်မှ ပေးပို့တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် မြို့နယ်များအနေဖြင့်လည်း သတ်မှတ်ချက်များနှင့်အညီ ရေးဆွဲပြီး ဆောလျင်စွာ ပေးပို့တင်ပြကြရန် မှာကြားလိုပါကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံသားပြည်သူများအားလုံးက မိမိတို့၏ နေ့စဉ်လူမှု စီးပွားရေးကိစ္စများ အဆင်ပြေ ကောင်းမွန်ရေးနှင့် ဘဝလုံခြုံငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးတို့ကို ဆန္ဒပြင်းပြစွာ မျှော်လင့်လျက်ရှိကြပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း မှန်ကန်သည့်စိတ်ရင်း၊ စေတနာပါသည့် လုပ်နည်းလုပ်ဟန်၊ အမြော်အမြင်ကြီးမားသည့် ကြိုးစားမှုများနှင့် ပူးပေါင်း ဆောင်ရွက်ပေး နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။

ပြည်သူများ၏ဆန္ဒ၊ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြုံတွေ့လာရနိုင်သည့် အခက်အခဲများကိုလည်း အမှန်တရားနှင့် ညီညွတ်မျှတမှုကို လက်ကိုင်ထားပြီး မှန်မှန်ကန်ကန် ဆွေးနွေး ညှိနှိုင်းဖြေရှင်းနိုင်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအများ မျှော်လင့် တောင့်တလျက်ရှိသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ပြည်သူများနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် (နောင်ချိုမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၃၅၁) ဦးက လက်မှတ်ရေးထိုး တင်ပြလာသော ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးတင်ပြသည်။

ယင်းနောက် ၂၀၁၈ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေး ရေး တည်ငြိမ်မှု အခြေအနေ အစီရင်ခံစာတို့နှင့် စပ်လျဉ်း ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု လွှတ်တော်နာယက က အဆိုပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော တစ်ထောင်ကျပ်တန် ပုံစံသစ်ငွေစက္ကူ ထုတ်ဝေခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ငွေစက္ကူသစ်များ ထုတ်ဝေရာတွင် ငွေစက္ကူ အရည်အသွေး ပိုမိုကောင်းမွန်ရန်၊ အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန်နှင့် လုံခြုံရေးအဆင့်အတန်း မြှင့်တင်ရန် လိုအပ်သည့် အခြေအနေများအရလည်း လိုအပ်သလို ပြင်ဆင်ထုတ်ဝေရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် တစ်ထောင်ကျပ်တန်ပုံစံသစ် ငွေစက္ကူ ထုတ်ဝေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၆၅ နှင့် ၆၆ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တင်ပြ၍ သဘောတူအတည်ပြုချက် ရယူဆောင်ရွက်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ပုံစံသစ် ငွေစက္ကူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ် တန်ပုံစံသစ် ငွေစက္ကူကို လွတ်လပ်ရေးနေ့အမှတ်တရအဖြစ် ဂုဏ်ပြု ထုတ်ဝေခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်သည် အစိုးရ ရုံးပိတ်ရက်ဖြစ်သည့်အတွက် ရုံးဖွင့်ရက်ဖြစ်သော ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၇ ရက်တွင် ပြည်သူများထံသို့ ဖြန့်ဝေခဲ့ပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၆၆ တွင် “ ဗဟိုဘဏ်သည် မည်သည့်ငွေစက္ကူ အမျိုးအစားကိုမဆို ပြောင်းလဲသုံးစွဲရန် လိုအပ်ပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းဆောင်ရွက်ချက် အခြေအနေကို အနီးစပ်ဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေစက္ကူ၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ကျောဘက်တွင် လွှတ်တော် အဆောက်အဦပုံ ရိုက်နှိပ်ထားသော တစ်ထောင်ကျပ်တန် ငွေစက္ကူပုံစံသစ် ပြောင်းလဲထုတ်ဝေခဲ့မှုအား ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးနိုင်ရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော တစ်ထောင်ကျပ်တန် ပုံစံသစ်ငွေစက္ကူ ထုတ်ဝေခဲ့မှု အခြေအနေနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ၍ သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ (၆)လတာကာလ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အတွင်းရေးမှူး ဦးခင်ဇော် က ပြစ်မှုဆိုင်ရာ တရားစီရင်ရေးတွင် အများပြည်သူက ယုံကြည် စိတ်ချပြီး စဉ်ဆက်မပြတ်ထိရောက်စွာ အသုံးပြုနိုင်သော ဥပဒေဆိုင်ရာ အထောက်အကူပြုရေးစနစ် ဖြစ်ပေါ်စေရန် ၎င်းပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်းထောင်များ၌ မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့်ကာလ လျှော့ကျစေရန်နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်စေရန် ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများကို လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ယုံကြည်မှု၊ အသက်အရွယ်၊ ကျား/မ နိုင်ငံခြားမခွဲခြားဘဲ ဥပဒေအထောက်အကူပေးရေးနှင့် ပြစ်မှုဆိုင်ရာတရား စီရင်ရေးအဆင့်ဆင့်တွင် မှန်ကန်မျှတ၍ ထိရောက်သော ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်းကို ဆောလျင်စွာ ရရှိနိုင်ရေး ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့၏ မူဝါဒ(၈)ချက်ပါ ပြဋ္ဌာန်းချက်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစီအမံများ ထားရှိကာ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပိုလန်နိုင်ငံအစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဒေါ်အိအိပြုံးက ရန်ကုန်တိုင်းဒေသကြီးတွင် အမှိုက်ပြုပြင် သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပိုလန်အစိုးရထံမှ ချေးငွေရယူ ဆောင်ရွက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလိုခြင်းဖြစ်သည့်ဟု ယူဆပါကြောင်း၊ ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို သက်ရောက်မှုရှိ စေသည့် စွန့်ပစ်အမှိုက်သန့်စင်ရေး စီမံကိန်းများသာမက မြန်မာနိုင်ငံ၏ ပလတ်စတစ် ထုတ်လုပ်သုံးစွဲနေမှုများအား ပြည်ထောင်စုအစိုးရအနေဖြင့်  ထိရောက်သော တားဆီးထိန်းကျောင်းရေး လုပ်ငန်းစဉ်များ အမြန်ဆုံး စီမံအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပိုလန်အစိုးရထံမှ ODA ချေးငွေ ယူရိုငွေ သန်း ၅၀ ရယူရေးကိစ္စကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နေ့စဉ်အမှိုက်သိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေတိုးပွားလာခြင်းကြောင့် အမှိုက်စွန့်ပစ်ရန်နေရာ ရှားပါးလာပြီး လက်ရှိနည်းစနစ်အတိုင်း ဆက်လက်စွန့်ပစ်နေပါက လာမည့်လေးနှစ်ခန့်တွင် အမှိုက်စွန့်ပစ်ရန် မြေနေရာမရှိသည့်အတွက် လည်းကောင်း၊ အမှိုက်ပုံမှ ထွက်ရှိသည့် လေထု၊ ရေထုနှင့် မြေထုညစ်ညမ်းမှုများကြောင့် လည်းကောင်း၊ အမှိုက်ပုံမီးလောင်သည့် အန္တရာယ်ဖြစ်စေ နိုင်သည့်အတွက်ကြောင့် လည်းကောင်း အမှိုက်များကို ဟင်းလင်းဖွင့်စနစ် စုပုံခြင်းမပြုဘဲ ချေဖျက်သန့်စင်သည့်စနစ်ကို ပြောင်းလဲရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခုစီမံကိန်းကို ဆောင်ရွက်မည်ဟု သိရပါကြောင်း၊ ယခုအချိန်အခါ တွင် အမှန်တကယ် ဆောင်ရွက်သင့်သည့် စီမံကိန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ODA ချေးငွေ ရယူရေး ကိစ္စကို အပြည့်အဝ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုနှင့် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းတို့ကလည်း  ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ဆွေးနွေးရန် ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန် လျာထားပါကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

 

သတင်း- မော်စီ၊ မျိုးသူဟိန်း

ဓာတ်ပုံ - စိုးဝင်းထွန်း