Skip to main content

ရွှေ့ပြောင်းအလုပ်သမားများ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) အား တရားဝင်ကိုင်ဆောင်ရေး အသိပေးကြေညာခြင်း

၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေသည် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ စည်းကြပ်ဆောင်ရွက်နေသည့် ဥပဒေဖြစ်ပြီး အဆိုပါဥပဒေအရ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများရရှိနိုင်ရေး၊ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များကို စနစ်တကျပေးဆောင်စေ၍ နိုင်ငံတော်အတွက် ဝင်ငွေများရရှိစေရေး၊ အလုပ်သမားများ ပြည်ပနိုင်ငံများတွင် အခက်အခဲပြဿနာ တစ်စုံတစ်ရာဖြစ်ပွား၍ အကူအညီ တောင်းခံလာပါက အချက်အလက်များကို စစ်ဆေး၍ ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှုစာရင်းများမှတစ်ဆင့် လိုအပ်သည့်မူဝါဒများ ရေးဆွဲချမှတ်နိုင်ရေး၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေးတို့အတွက် Data Server တွင် အချက်အလက်များ သိမ်းဆည်း၍ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card - OWIC) ကို သက်တမ်းငါးနှစ်ဖြင့် ထုတ်ပေးလျက်ရှိပါသည်။

- မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော OWIC ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ပြီး OWIC သက်တမ်းငါးနှစ်အတွင်း ခွင့်ဖြင့် ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါကအဆိုပါ OWIC ကို ဆက်လက် ကိုင်ဆောင်၍ ပြည်ဝင်/ ပြည်ထွက်များ အသုံးပြုနိုင်ပါသည်။

- အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ်အကိုင် အသိအမှတ်ပြုကတ် (OERC) ထုတ်ပေးခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေး ကြေညာထားမှုတွင် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့်အတွက် အသိအမှတ်ပြု သက်သေခံကတ်အဖြစ် ထုတ်ပေးထားသည့် Overseas Worker Identification Card- OWIC အစား Overseas Employment Registration Card - OERC အဖြစ် ပြောင်းလဲထုတ်ပေးမည်ဖြစ်ကြောင်းပါရှိရာ အများပြည်သူများသိရှိနိုင်ရေး အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်-

- မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော OWIC ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ကြောင်း၊

- ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်သူများသည် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးမည့် OERC အား လျှောက်ထားခြင်း၊ လက်ဝယ် ကိုင်ဆောင်ထားခြင်း စိစစ်တွေ့ရှိရပါက Black List စာရင်းရေးသွင်းပြီး ပြည်ဝင်/ပြည်ထွက်ခွင့်များကို ပိတ်ပင်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း၊

- ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသူ မြန်မာနိုင်ငံသားများ အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် NUG အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးမည့် OERC အားလျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်း စိစစ်တွေ့ရှိရပါက Black List စာရင်းရေးသွင်းပြီး နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းခံရ၍ ပြည်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း။

အလုပ်သမားဝန်ကြီးဌာန